သီတင်းကျွတ်ပိတ်ရက်များတွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တို့ စုဝေးရာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်လည်ပတ်လျက်ရှိရာ သမိုင်းဝင်အထင်ကရဘုရားများတွင် လာရောက်ဖူးမြော်သူ ၁ ရက်လျှင် တစ်သိန်းနှစ်သောင်းကျော်ခန့် အထိရှိပါသည်။
ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားချိန်တွင် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု ယာယီရပ်နားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ သင်္ကြန်ကာလ၌ ခရီးသွားအနည်းငယ် စတင်ဝင်ရောက်ခဲ့ရာမှ သီတင်းကျွတ်ကာလ၌ မထင်မှတ်ဘဲ ခရီးသွားဝင်ရောက်မှု များပြားလာခြင်းကြောင့် ဖွင့်လှစ်ထားသော ဈေးဆိုင်ခန်းများတွင် ပစ္စည်းများရောင်းချရန် ပြတ်လပ်သည်အထိ အရောင်းအဝယ်ကောင်းခဲ့ပါသည်။
ယခုသီတင်းကျွတ်လပြည့်နေ့တွင် ပုဂံဒေသ၌ ပြည်တွင်းခရီးသွားများနည်းတူ နိုင်ငံခြားသားခရီးသွားများလည်း လာရောက်လည်ပတ်မှုကြောင့် ပုဂံမြို့ဟောင်းနှင့် ညောင်ဦးမြို့ကြားရှိ ဟိုတယ်များနှင့် စားသောက်ဆိုင်များတွင် ကြက်ပျံမကျစည်ကားလျက်ရှိပြီး ပုဂံအမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်များ၊ ဒေသထွက်လက်မှုပစ္စည်းဆိုင်များနှင့် ယွန်းထည်အရောင်းဆိုင်များတွင် အရောင်းအဝယ်များ ကောင်းခဲ့ပါသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများတွင် အများပြည်သူများက စိတ်အေးချမ်းသာစွာ ဆီမီးများထွန်းညှိပူဇော်ခြင်းနှင့် ဖူးမြော်ကြည်ညိုခြင်းများဖြင့်လည်းကောင်း၊ ပန်းခြံများ၊ အပန်းဖြေဥယျာဉ်များနှင့် ကမ်းခြေများ၌ လာရောက်အပန်းဖြေအနားယူကြသူများဖြင့်လည်းကောင်း အထူးစည်ကားလျက်ရှိပါသည်။
နိုင်ငံတစ်ဝှမ်းအကြမ်းဖက်မှုလုပ်ရပ်များ လျော့နည်းကျဆင်းလာသည်နှင့်အမျှ ပြည်သူလူထုအနေဖြင့်လည်း ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းများ၊ မိသားစုအလိုက် အပန်းဖြေခရီးထွက်ခြင်းများ အထူးများပြားခဲ့သဖြင့် သီတင်းကျွတ်အခါသမယတွင် မြို့ရွာများ၌ တည်ငြိမ်အေးချမ်းမှုများ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၁-၁၀-၂၀၂၂)
- သီတင်းကျွတ်ပိတ်ရက်များတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင် အထင်ကရဘုရားများသို့ လာရောက်ဖူးမြော်သူ ၁ ရက်လျှင် တစ်သိန်းနှစ်သောင်းကျော်ခန့်အထိရှိ။
- ပြည်တွင်းခရီးသွားများနည်းတူ နိုင်ငံခြားသားခရီးသွားများလည်း လာရောက်လည်ပတ်မှုကြောင့် ပုဂံမြို့ဟောင်းနှင့် ညောင်ဦးမြို့ကြားရှိ ဟိုတယ်များနှင့် စားသောက်ဆိုင်များတွင် ကြက်ပျံမကျစည်ကားလျက်ရှိ။
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများတွင် ဆီမီးများ ပူဇော်ထွန်းညှိခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး အပန်းဖြေဥယျာဉ်များ၊ ပန်းခြံများ၊ ကမ်းခြေများနှင့် အများပြည်သူ အပန်းဖြေနေရာများတွင် အများပြည်သူများဖြင့် စည်ကားလျက်ရှိ။
- နိုင်ငံတစ်ဝှမ်းအကြမ်းဖက်မှုလုပ်ရပ်များ လျော့နည်းကျဆင်းလာသည်နှင့်အမျှ ပြည်သူလူထုအနေဖြင့်လည်း ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းများ၊ မိသားစုအလိုက် အပန်းဖြေခရီးထွက်ခြင်းများ အထူးများပြားခဲ့သဖြင့် သီတင်းကျွတ်အခါသမယတွင် မြို့ရွာများ၌ တည်ငြိမ်အေး ချမ်းမှုများ တိုးတက်ကောင်းမွန်လျက်ရှိ။
Add new comment