နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို အောက်တိုဘာလ ၃ ရက်တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၌ ကျင်းပခဲ့ရာ အစည်းအဝေးတွင် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက-
- နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းသယံဇာတများသည် နိုင်ငံရေရှည်ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းများစွာ ဖန်တီးပေးနိုင်သည့်အတွက် သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်အောင် စီမံအုပ်ချုပ်ရန် ရည်မှန်းထား ရှိကြောင်း။
- ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၂၀၃၀ ပြည့်နှစ် ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်(၁၇)ရပ်ချမှတ် အကောင်အထည်ဖော်လျက်ရှိရာ ကမ္ဘာ့နိုင်ငံများက အပြာရောင်စီးပွားရေး (Blue Economy) သဘောတရားများ ဖော်ထုတ်ဆောင်ရွက်လာခဲ့ပြီး ဒေသတွင်းမိတ်ဖက်နိုင်ငံများ၌လည်း အကောင်အထည်ဖော်ဆောင်ရွက်လာကြသည်ကို လေ့လာတွေ့ရှိရကြောင်း။
- မြန်မာနိုင်ငံတွင် အပြာရောင်စီးပွားရေးဖော်ထုတ်နိုင်မည့် သဘာဝတရား၏ အခွင့်အလမ်းများစွာကို ပိုင်ဆိုင်ထားပြီးသည့်အတွက် စနစ်တကျနှင့် ဖော်ထုတ်အသုံးပြုသွားကြရမည်ဖြစ်ကြောင်း။
- အပြာရောင်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကို ဖော်ထုတ်ဆောင်ရွက်ရာတွင် စီးပွားရေးဆိုင်ရာအခွင့်အလမ်းများကိုသာ ဦးတည်ခြင်းမျိုးမဟုတ်ဘဲ ဖြေရှင်းဆောင်ရွက်ရမည့် စိန်ခေါ်မှုများကို ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက် နိုင်မည့်မူဝါဒများ ပေါ်ထွက်လာစေရေး အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
- မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းအခြေပြု ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အပြာရောင်စီးပွားရေးဆိုင်ရာမူဝါဒများဖော်ထုတ်ချမှတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံကောင်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းတည်ထောင်လျက် ရှိကြောင်း။
- မြန်မာနိုင်ငံ၏ နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုအစီအစဉ် (Integrated Coastal Management-ICM) ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မဟာဗျူဟာလုပ်ငန်းစဉ် (၆) ရပ် အပေါ် အခြေပြုဆောင်ရွက်ရန် ရေးသားထားပြီးဖြစ်ကြောင်း။
- မြန်မာနိုင်ငံ၏ ICM အစီအစဉ် ပေါ်ထွက်လာစေခြင်းဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများဘက်စုံစီမံအုပ်ချုပ်ရန်နှင့် အပြာရောင်စီးပွားရေးဖွံ့ဖြိုးစေရန် လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်မည့်အစီအမံများအား မဟာဗျူဟာ မြောက်လမ်းညွှန်အဖြစ် ရည်ညွှန်းကိုးကား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
- ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသဥပဒေစိုးမိုးရေးလုပ်ငန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)နှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အပြာရောင်စီးပွားရေးကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုစေနိုင် မည်ဖြစ်ကြောင်း။
- မိမိတို့နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံနိုင်ငံ့ခေါင်းဆောင်များ၏ အပြာရောင်စီးပွားရေးဆိုင်ရာကြေညာချက်အတိုင်း စီမံဆောင်ရွက်ရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ဟန်ချက်ညီညီစီမံခန့်ခွဲမှုဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များရရှိရေး ဦးတည်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁၀-၂၀၂၂)
- နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်း သယံဇာတများသည် နိုင်ငံရေရှည်ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းများစွာ ဖန်တီးပေးနိုင်သည့် အတွက် သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်အောင် စီမံအုပ်ချုပ်ရန် ရည်မှန်းထားရှိ။
- မြန်မာနိုင်ငံတွင် အပြာရောင်စီးပွားရေး ဖော်ထုတ်နိုင်မည့် သဘာဝတရား၏ အခွင့်အလမ်းများစွာကို ပိုင်ဆိုင်ထားပြီးသည့်အတွက် စနစ်တကျနှင့် ဖော်ထုတ် အသုံးပြုသွားကြရမည်ဖြစ်။
- မြန်မာနိုင်ငံ၏ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ် လုပ်ကိုင်မှုအစီအစဉ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက မဟာဗျူဟာလုပ်ငန်းစဉ် (၆) ရပ်အပေါ် အခြေပြုဆောင်ရွက်ရန် ရေးသားထားပြီးဖြစ်။
- မြန်မာနိုင်ငံ၏ ICM အစီအစဉ် ပေါ်ထွက်လာစေခြင်းဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများ ဘက်စုံစီမံအုပ်ချုပ်ရန်နှင့် အပြာရောင်စီးပွားရေးဖွံ့ဖြိုးစေရန် လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်မည့် အစီအမံများအား မဟာဗျူဟာ မြောက်လမ်းညွှန်အဖြစ် ရည်ညွှန်းကိုးကား ဆောင်ရွက်နိုင်မည်ဖြစ်။
Add new comment