အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် လူငယ်၊ လူရွယ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံသို့ပို့ဆောင်၍ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ တက်ရောက်စေကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင်အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင် ကျောက်မဲမြို့နယ်၊ Oriental တိုးဂိတ်၌ မန္တလေးမြို့မှ ကျောက်မဲမြို့ဘက်သို့ ထွက်ခွာလာသည့် “ရွှေလိပ်ပြာ” ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်း လှိုင်မင်းထွန်း မောင်းနှင်သည့် Wingroad အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေစစ်ဆေးခဲ့ရာ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန်သွား ရောက်မည့် တရားခံများဖြစ်သော ညီညီထွန်း၊ သန့်ဇင်ထွန်း၊ ဟိန်းမင်းဦး၊ ထက်ပိုင်လင်း၊ မျိုးမြင့်မြတ်၊ ကျော်ဇင်ထက်၊ စိုင်းထက်အောင်၊ အောင်ဇော်ဟိန်း၊ ဝေယံဦးနှင့် စနေထွန်းတို့ ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ-
- အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်မည့်သူများအား ချိတ်ဆက်ပို့ဆောင်ပေးမည့် တရားခံ ကေလာအား ကျောက်မဲမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ကားဝင်း၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း။
- ၎င်းတို့ ၁၀ ဦးသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်းဆီးရန်ကျန် တရားခံ သန်းဝင်းအောင်(ခ)ပေါကြီး ခေါင်းဆောင်သည့် ဘုတလင်မြို့နယ်၊ ပိုးကုန်းကျေးရွာရှိ PDF အကြမ်းဖက်အဖွဲ့သို့ဝင်ရောက်ခဲ့ပြီး အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းအား ၁၀ ရက်ခန့် တက်ရောက်ခဲ့ကြောင်း။
- ယာဉ်မောင်းလှိုင်မင်းထွန်းသည် အဆိုပါတရားခံ ၁၀ ဦးတို့အား မန္တလေးမြို့မှ ကျောက်မဲမြို့သို့ပို့ဆောင်ပေးရန် သန်းဝင်းအောင်(ခ)ပေါကြီးထံမှ ငွေကျပ် ၃ သိန်း လက်ခံရရှိခဲ့ကြောင်း။
- ထို့အပြင် ကျောက်မဲမြို့သို့ ရောက်ရှိပါက ကေလာမှတစ်ဆင့် ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာသို့ ဆက်လက်ပို့ဆောင်၍ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းအား တက်ရောက် မည်ဖြစ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။
သို့ဖြစ်၍ အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းတက်ရောက်ရန် သွားရောက်မည့်သူများနှင့် ကူညီဆောင်ရွက်ပေးသူများအား ဥပဒေအရထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁၀-၂၀၂၂)
- TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းတက်ရောက်ရန် သွားရောက်မည့် ယာဉ်မောင်းအပါအဝင် တရားခံ ကျား ၁၁ ဦးတို့အား ကျောက်မဲမြို့နယ်၊ Oriental တိုးဂိတ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ထွက်ဆိုချက်များအရ အကြမ်းဖက်အဖွဲ့အစည်းများထံသို့ ချိတ်ဆက်ပို့ဆောင်ပေးခဲ့သည့် တရားခံ ကေလာအား ကျောက်မဲမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ကားဝင်း၌ ထပ်မံဖမ်းဆီးရမိခဲ့။
Add new comment