ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၌ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသား ၇ ဦးအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ (စိစစ်ဆဲ) က ဖမ်းဆီးခေါ်ဆောင်

          အောက်တိုဘာလ ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးထွန်းအောင်လှိုင်နှင့် တာဝန်ရှိသူ ၃ ဦးတို့သည် တရုတ်နိုင်ငံသို့ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသားများဖြစ်ကြသည့် Pan Han Bing (၂၅) နှစ်၊ Lin Zhen Fen (၂၅) နှစ်၊ Yang Jun Feng (၃၂)နှစ်၊ Liu Fei Feng (၂၅) နှစ်၊ Sheng Bao (၂၄) နှစ်၊ Yan Bin (၂၂) နှစ်၊ Zhouli (၂၃)နှစ် ၇ ဦးတို့အား မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးဦးစီးရုံးမှ လားရှိုးမြို့ရှိ ဒုတိယပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးရုံးသို့ပို့ဆောင်ရန် ထွက်ခွာလာခဲ့ပါသည်။

          ထိုသို့ထွက်ခွာလာစဉ် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လွယ်ခေါ် ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးအရောက်၌ လက်ပစ်ဗုံးကိုင်ဆောင်ထားသည့် လက်နက်ကိုင်သောင်းကျန်းသူ ၃ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ၎င်းတို့စီးနင်းလာသည့် မော်တော်ယာဉ်အား ရပ်တန့်ခိုင်းကာ ၎င်းတို့အား အဆိုပါယာဉ်နှင့်အတူ တောအတွင်းသို့ မောင်းနှင်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဦးထွန်းအောင်လှိုင်၊ တာဝန်ရှိသူ ၃ ဦးတို့အား ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

    နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် လက်နက်ကိုင်သောင်းကျန်းသူများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် အဆိုပါတရုတ်နိုင်ငံသားများအား ရှာဖွေကယ်ဆယ် နိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁၀-၂၀၂၂)

  • ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၌ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသား ၇ ဦးတို့အား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ (စိစစ်ဆဲ)က ဖမ်းဆီးခေါ်ဆောင်သွားခဲ့။

Add new comment