ငွေဆောင်၊ ရွှေသောင်ယံ၊ ချောင်းသာနှင့် ငပလီကမ်းခြေတို့သို့ လာရောက် အပန်းဖြေသူများ အထူးစည်ကားလျက်ရှိ

ယခုနှစ်ကိုးလတာကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ ငွေဆောင်ကမ်းခြေ၊ ရွှေ သောင်ယံကမ်းခြေနှင့် ချောင်းသာကမ်းခြေတို့သို့ ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ယခင်နှစ်ကထက်များပြီး ဇန်နဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၁၅ ရက်အထိ ပြည်တွင်းခရီးသွား ၅၂၆၅၂၄ ဦး၊ ပြည်ပခရီးသွား ၃၉၄၈ ဦး စုစုပေါင်း ၅၃၀၄၇၂ ဦး ဝင်ရောက်ခဲ့ပါသည်။

ငပလီကမ်းခြေတွင် ယမန်နှစ်ပွင့်လင်းရာသီ၌ ခရီးသွားများ အထူးစည်ကားခဲ့ပြီး ယခုလာမည့် ပွင့်လင်းရာသီ နိုဝင်ဘာလဆန်းပိုင်းတွင် ဆောင်းဦးပွဲတော်ကို ဖွင့်လှစ်သွားမည်ဖြစ်ရာ ပြည်တွင်း/ပြည်ပခရီးသွားများ ပျော်ရွှင်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရန် ကမ်းသာယာ၊ ငပလီ၊ ငွေဆောင်၊ ချောင်းသာကမ်းခြေများအပြင် မာန်အောင်ကျွန်းတွင် ဟိုတယ်များကို ယမန်နှစ်ထက် တိုးမြှင့်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားသည့်နည်းတူ လေကြောင်းလိုင်းများက လေယာဉ်လက်မှတ်များကို ကြိုတင်ရောင်းချပေးလျက်ရှိပါသည်။

ငွေဆောင်၊ ရွှေသောင်ယံနှင့် ချောင်းသာကမ်းခြေများသို့ ခရီးသွားဝင်ရောက်မှုအနေဖြင့်  ၂၀၂၀  ပြည့်နှစ်က ခရီးသွားဦးရေ နှစ်သိန်းခြောက်သောင်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း ခရီးသွားဦးရေ လေးသိန်းနီးပါး ဝင်ရောက်ခဲ့ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လုပ်ငန်းလိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာအလုံးရေ  ၁၂၀ ရှိပြီး ပုသိမ်မြို့နှင့် အခြားဒေသများ၌ ၄၆ လုံး၊ ငွေဆောင်၌  ၃၅ လုံး၊ ချောင်းသာနှင့် ရွှေသောင်ယံ၌ ၃၉ လုံးရှိကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁၀-၂၀၂၂)

  • ယခုနှစ်ကိုးလတာကာလအတွင်း ငွေဆောင်၊ ရွှေသောင်ယံနှင့် ချောင်းသာကမ်းခြေတို့သို့ ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ယခင်နှစ်ကထက်များပြီး ဇန်နဝါရီလ ရက်မှ စက်တင်ဘာလ ၁၅ ရက်အထိ ပြည်တွင်းခရီးသွား ၅၂၆,၅၂၄ ဦး၊ ပြည်ပခရီးသွား ၃,၉၄၈ ဦး စုစုပေါင်း ၅၃၀,၄၇၂ ဦး ဝင်ရောက်ခဲ့။
  • ပြည်တွင်း/ပြည်ပခရီးသွားများ ပျော်ရွှင်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရန် ကမ်းသာယာ၊ ငပလီ၊ ငွေဆောင်၊ ချောင်းသာကမ်းခြေများအပြင် မာန်အောင်ကျွန်းတွင် ဟိုတယ်များကို ယမန်နှစ်ထက် တိုးမြှင့်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားသည့်နည်းတူ လေကြောင်းလိုင်းများက လေယာဉ်လက်မှတ်များကို ကြိုတင်ရောင်းချပေးလျက်ရှိ။

Add new comment