KNPP နှင့် PDF အကြမ်းဖက်သမားများက အရပ်ဖက်လေယာဉ်တစ်စီးကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ အသင်းအဖွဲ့အသီးသီးမှ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်

        ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ရန်ကုန်-နေပြည်တော်လွိုင်ကော်-ရန်ကုန်ခရီးစဉ်ပြေးဆွဲသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်အမှတ် XY-AMLI လေယာဉ်အမျိုးအစား ATR-72 (600) သည် ခရီးသည် ၆၃ ဦး တင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ရန် လေယာဉ်ကွင်းသို့ ချဉ်းကပ်ပျံသန်းနေစဉ် KNPP နှင့် PDF အကြမ်းဖက်သမားများက လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ်၏ ဘယ်ဘက်ဝမ်း ဗိုက်အားထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး ညာဘက်ပါးတွင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့မှုနှင့်စပ်လျဉ်း၍ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အောက်ပါအသင်းအဖွဲ့အသီးသီးမှ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါသည်-

  • နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်လျက် ပြည်သူများ၏ စိတ်အေးချမ်းသာစွာ ခရီးသွားလာမှုများကို နှောင့်ယှက်လိုသည့်သဘောဖြင့် လက်နက်ကိုင်အကြမ်းဖက်သူများ၏ စစ်ဖက်ဆိုင်ရာ ပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများအပေါ် ရည်ရွယ်ချက်ထားပြီး တိုက်ခိုက်ပစ်ခတ်မှုများကို ရှုတ်ချကန့်ကွက်ပါကြောင်းနှင့် လုံးဝ လက်မခံနိုင်ပါကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ လ (၃၀) ရက် ရက်စွဲဖြင့်လည်းကောင်း။

  • ခရီးသည်တင်လေယာဉ်သည် စစ်ဖက်ပစ်မှတ်မဟုတ်သဖြင့် ခရီးသည်တင်လေယာဉ်အား ပစ်ခတ်တိုက်ခိုက်သည့်အဖွဲ့အစည်းသည် အကြမ်းဖက်မှုကို ကျူးလွန်ခြင်းဖြစ်သဖြင့် ပြစ်တင်ရှုတ်ချကြောင်း မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ရက်စွဲဖြင့်လည်းကောင်း။

  • နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူများကို မကြာခဏ ချောင်းမြောင်းပစ်ခတ်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်နေခြင်းများအား ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ရက်စွဲဖြင့်လည်းကောင်း။

  • အပြစ်မဲ့ပြည်သူများအား အမျိုးမျိုးရန်ရှာကာ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုများ၊ ယခုကဲ့သို့ ပြည်သူအများဒုက္ခရောက်စေရန် ကျူးလွန်မှုများအတွက် ယခုဖြစ်စဉ်အပါအဝင် အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ရက်စွဲဖြင့်လည်းကောင်း။

  • အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများနှင့် ဒုက္ခရောက်စေရန် ကျူးလွန်မှုများကို ပြစ်တင်ရှုတ်ချကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ ရက်စွဲဖြင့်လည်းကောင်း။

  • နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်လျက် အပြစ်မဲ့ပြည်သူများအား အမျိုးမျိုးရန်ရှာကာ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများနှင့် ယခုဖြစ်စဉ်အပါအဝင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည့် မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကိုမဆို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ ရက်စွဲဖြင့်လည်းကောင်း သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိသည့်အပြင် ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁၀-၂၀၂၂)

  • KNPP နှင့် PDF အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ စီးနင်းလိုက်ပါလာသည့် အရပ်ဖက်လေယာဉ်တစ်စီးကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် လုံးဝလက်မခံနိုင်ပါကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့တို့မှ သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့။

Add new comment