နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

          (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာလ ၁ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားရာတွင်-

  • မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “သစ္စာ၊ သမာဓိ၊ သတ္တိ” ဟူသည့် ဦးထိပ်ပန်ဆင်ထားသော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရန် အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ ပြောင်းလဲလာအောင် နှစ်အလိုက် အစီအမံများချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ခေတ်အဆက်ဆက်ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးဟူသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း။
  • နိုင်ငံဖြတ်ကျော်မှုခင်းများသည် နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး လူသားလုံခြုံရေးအတွက်လည်း ကြီးမားသည့်ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း။
  • ယနေ့ Globalization ခေတ်တွင် နိုင်ငံဖြတ်ကျော်ဂိုဏ်းဖွဲ့ ပြစ်မှုကျူးလွန်မှုများကို နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်းဆောင်ရွက်ရန်ခက်ခဲပြီး နိုင်ငံများအကြား အပြန်အလှန်ပေါင်းစပ်ညှိနှိုင်း ချိတ်ဆက်တုံ့ပြန်မှုများနှင့်သာ ဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • ထိုသို့ဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) ကို ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံမှ စတင်ဝင်ရောက်ခဲ့ပြီး နိုင်ငံပေါင်း ၁၉၅ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဝင်နိုင်ငံများ၏ ရဲတပ်ဖွဲ့များအကြား အပြန်အလှန် သတင်းအချက်အလက်ဖလှယ်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။
  • ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံဖြတ်ကျော်ဂိုဏ်းအဖွဲ့ မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို အတည်ပြုခဲ့ပြီး အာဆီယံရဲအဖွဲ့၊ ဥရောပရဲအဖွဲ့၊ အာဖရိကရဲအဖွဲ့ စသည်ဖြင့် ဒေသဆိုင်ရာရဲအဖွဲ့များဖွဲ့စည်းခဲ့ကာ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို အဖွဲ့ဝင်(၁၉)ဦး၊ လုပ်ငန်းတာဝန် (၂၁)ချက်ဖြင့် အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း။
  • မူးယစ်ဆေးဝါးဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂမူးယစ်ဆေးဝါးဆိုင်ရာကွန်ဗင်းရှင်းများတွင် ပါဝင်လက်မှတ်ရေးထိုးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
  • မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများကို ကြည့်မည်ဆိုပါက ၂၀၂၁ ခုနှစ်အတွင်း တန်ဖိုးငွေကျပ် ၉၇၀ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၀၆ ဒသမ ၄၃၀၆ သန်း)နှင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၁၀ ရက်အထိ ၆ လ ကျော်ကာလအတွင်း တန်ဖိုးငွေကျပ် ၇၀၈ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၃၈၃ ဒသမ ၁၁၉ သန်း)ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း။
  • လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေသစ်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အနေဖြင့် လူကုန်ကူးမှုခင်းများဖော်ထုတ်ရာတွင် နိုင်ငံတကာစံချိန်စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိထိရောက်ရောက် ဖော်ထုတ်ဆောင်ရွက်နိုင်ရန် လိုအပ်သကဲ့သို့ လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်မှုအပိုင်းနှင့် လူကုန်ကူးသူများကို အရေးယူ၊ တရားစွဲဆိုအပြစ်ပေးမှုအပိုင်းတွင်လည်း ပိုမိုဖြည့်ဆည်းအရေးယူဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း။
  • ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့ကို ထိရောက်စွာအရေးယူနိုင်ရန်၊ ဆင့်ပွားပေါ်ပေါက်နိုင်သည့် ပြစ်မှုများကိုကာကွယ်ဟန့်တားရန်နှင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့မှတစ်ဆင့် နိုင်ငံတော်၏အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများသို့ ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်နိုင်ရေးအတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ အခြားသက်ဆိုင်သော အစိုးရဌာနအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု၊ နိုင်ငံတော်ကလက်ခံထားသည့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများနှင့်အညီ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အောင်မြင်ထိရောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • ယနေ့ခေတ်ကာလသည် နည်းပညာခေတ်ဖြစ်သည့်အတွက် နည်းပညာနှင့်ပတ်သက်၍ ကောင်းမွန်စွာအသုံးချနိုင်ရန် လိုအပ်ကြောင်း၊ ခေတ်မီဆက်သွယ်ရေးစနစ်များကို အသုံးပြု၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အရာထမ်း၊ အမှုထမ်းများအားလုံးသည် မိမိတို့၏ လုပ်ပိုင်ခွင့်များ၊ လုပ်ငန်းကျွမ်းကျင်မှုများနှင့်အတူ ဥပဒေကို ကိုင်တွယ်ကျင့်သုံးရာတွင် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သော နိုင်ငံနှင့် ပြည်သူများက လေးစားဂုဏ်ယူဖွယ် အားကိုးအားထားပြုနိုင်သည့် ဥပဒေဘက်တော်သား ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း။
  • ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင် ရဲလုပ်ငန်း ကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့ဖြင့် ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေးရည်မှန်း၍ နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုရသည့် မိမိအလုပ်ကို တန်ဖိုးထားဂုဏ်ယူစွာ ကြိုးပမ်းလုပ်ဆောင်သွားကြရမည်ဖြစ် ကြောင်း။
  • နယ်မြေရဲစခန်းအဆင့်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ထိအဖွဲ့အစည်းအလိုက် နိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ပေးထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း ရဲစည်းကမ်း၊ ရဲကျင့်ဝတ်များနှင့် အညီ စံပြပြုမူဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် ပြည်သူလူထု တစ်ရပ်လုံးက လေးစားအားကိုးရလောက်သည့် ဥပဒေဘက်တော်သားများ ဖြစ်လာစေရန် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

       အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံးရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံရုံးသံတမန်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာနှင့် ဆက်စပ်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲအရာရှိကြီးများ၊ အနုပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင် (၆)ဦးကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင်(၃)ဦးနှင့် စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင်(၄)ဦးတို့ ကိုယ်စားမိသားစုဝင်(၆)ဦးကိုလည်းကောင်း ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် တက်ရောက်လာကြသူများနှင့်အတူ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ ရုပ်လုံးရုပ်ကြွများ၊ တပ်ဖွဲ့/ဌာနများတွင် အသုံးပြုလျက်ရှိသည့် စက်ကိရိယာများ၊ နည်းပညာဆိုင်ရာပစ္စည်းများ၊ လက်နက်များ၊ ဝတ်စုံများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ မူးယစ်ဆေးဝါး ရှာဖွေစစ်ဆေးရေးစက်များနှင့် ယာဉ်များကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁၀-၂၀၂၂)

  • မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “သစ္စာ၊ သမာဓိ၊ သတ္တိ” ဟူသည့် ဦးထိပ်ပန်ဆင်ထားသောဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရန် အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ ပြောင်းလဲလာအောင် နှစ်အလိုက် အစီအမံများချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ။
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ခေတ်အဆက်ဆက်ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးဟူသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့။
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အရာထမ်း၊ အမှုထမ်းများအားလုံးသည် မိမိတို့၏ လုပ်ပိုင်ခွင့်များ၊ လုပ်ငန်းကျွမ်းကျင်မှုများနှင့်အတူ ဥပဒေကို ကိုင်တွယ်ကျင့်သုံးရာတွင် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သော နိုင်ငံနှင့် ပြည်သူများက လေးစားဂုဏ်ယူဖွယ် အားကိုးအားထားပြုနိုင်သည့် ဥပဒေဘက်တော်သား ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ကြိုးပမ်းကြရမည်ဖြစ်။
  • ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင် ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးရည်မှန်း၍ နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုရသည့် မိမိအလုပ်ကို တန်ဖိုးထားဂုဏ်ယူစွာ ကြိုးပမ်းလုပ်ဆောင်သွားကြရမည်ဖြစ်။

 

Add new comment