နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ၂၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
တာဝန်ရှိသူများက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ စက်ရုံမှ ချည်အမျိုးမျိုး ထုတ်လုပ်နိုင်မှုအခြေအနေများ၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင် ရွက်ပေးနေမှု၊ ၂/၈၀ ချည်များအား ပြည်တွင်း၌ ထွက်ရှိသည့် ဝါများဖြင့်ထုတ်လုပ်နိုင်ရေး စမ်းသပ်ဆောင်ရွက်လျက်ရှိမှုနှင့် စက်စမ်းသပ်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်း၌ ထွက်ရှိသည့် ဝါများဖြင့် အရည်အသွေးမြင့် ချည်ထည်နှင့်ပိတ်များ ထုတ်လုပ်နိုင်မည့် အခြေအနေများ၊ ၂/၈၀ ချည်များအား စက်ရုံမှ ထုတ်လုပ်နိုင်သည့်အချိန်တွင် ပြည်တွင်းရှိ အထည်အလိပ်နှင့်ပတ်သက်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလုပ်ငန်းများ၌ လိုအပ်သော ချည်မျှင်နှင့် အထည်အလိပ်များကို လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ စက်ရုံ၌ လက်ရှိ တပ်ဆင်အသုံးပြုလျက်ရှိသည့် စက်များအား အရည်အသွေးမြှင့်တင်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ခင်းကျင်းပြထားသော စက်ရုံမှ ထုတ်လုပ်ထားသည့် ယူနီဖောင်းပိတ်စများနှင့် ချည်ထည်များ၏ အရည်အသွေးများ အား ကြည့်ရှုစစ်ဆေးကာ စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၉-၂၀၂၂)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့။
Add new comment