နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့မှ ဒုတိယဥက္ကဋ္ဌများ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၈ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒုတိယနေ့ဆွေးနွေးပွဲတွင် နိုင်ငံရေးအရ နှစ်ဖက်သဘောထားများ ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လျာထားသတ်မှတ်ထားသည့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများ(ဇယား-၂)အား ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က တစ်ချက်ချင်းအလိုက် ရှင်းလင်းတင်ပြပြီး အဖွဲ့အသီးသီး၏ သဘောထားများကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်အား ပြင်ဆင်လိုသည့်အချက်များနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူများမှ မိမိတို့၏သဘောထားအမြင်များကို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များနှင့် “ဝ”ပြည်သွေးစည်းညီညွတ် ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ နိုင်ငံရေးဌာနကြီးမှူး ဦးအိုက်နပ်လိုင်း၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ-၂ စဝ်ခွန်ဆိုင်၊ အတွင်းရေးမှူး-၂ စဝ်စိုင်းဆုတို့ တက်ရောက်ခဲ့ကြပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၉-၂၀၂၂)
- ဒုတိယနေ့ဆွေးနွေးပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လျာထားသတ်မှတ်ထားသည့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၂)အား တစ်ချက်ချင်းအလိုက် ရှင်းလင်းဆွေးနွေးခဲ့။
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်အား ပြင်ဆင်လိုသည့်အချက်များနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူများမှ မိမိတို့၏သဘောထားအမြင်များကို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းခဲ့။
Add new comment