နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

 

 

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။

        မိတ္ထီလာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တက်ရောက်လာကြသူများက-

  • စက်မှုဇုန်တွင် အရင်းအမြစ်ကောင်းများပြည့်စုံမှုနှင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုနှင့် စက်မှုဇုန်နည်းဥပဒေ အတည်ပြုပေးရန် လိုအပ်မှုအခြေအနေများ။
  • လျှပ်စစ်ဓာတ်အားလိုအပ်မှု၊ ဝါသီးနှံကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဆောင် ရွက်နေမှုနှင့် ဝါစိုက်ပျိုးတောင်သူများ ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။
  • ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ဆောင်ရွက်နေမှုနှင့် ဆီကောင်းဆီသန့်များ ရရှိအောင် ဆောင်ရွက်ရန်လိုအပ်မှု။
  • နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ခွဲရောင်းချပေးသည့် စားသုံးဆီများကို ပြည်သူများထံ သက်သာသောဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချပေးလျက်ရှိသည့် အခြေအနေများ။
  • ရက္ကန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဆန်စက်လုပ်ငန်းတွင် အသုံးပြုသည့် ပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုများကြောင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိမှု အခြေအနေများနှင့် စက်မှုဇုန်အတွင်း လိုအပ်ချက်များကို အသီးသီးတင်ပြခဲ့။

       တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အခြေအနေများအား ဆွေးနွေးပြောကြားပြီးနောက် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • စက်မှုဇုန်များအနေဖြင့် လုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် အကောင်အထည်ဖော်ဆောင်နိုင်ရန်လိုအပ်နေသည်ကို တွေ့ရှိရကြောင်း။
  • လက်ရှိ မိမိတို့နိုင်ငံ၏ စီးပွားရေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် အဓိကအရေးပါသည်ကို တွေ့ရှိရသကဲ့သို့ နိုင်ငံ တကာတွင်လည်း MSME လုပ်ငန်းများသည် အဓိကအရေးပါသည့်နေရာ၌ ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို စတင်ယူခဲ့ရသည့်အချိန်တွင် နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်မှုများကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဖိဖိစီးစီး ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း။
  • လက်ရှိအချိန်တွင် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ကိုဗစ် -၁၉ ရောဂါကိုလည်း အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သောကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးအတွက် (MSME) လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ခဲ့ကြောင်း။
  • နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မတည်ငွေများ လွှဲအပ်ပေးခဲ့သလို ကျန်ရှိသည့်ရန်ပုံငွေများမှလည်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများအတွက်နှင့် ဝါစိုက်ပျိုးတောင်သူများအတွက်လည်း မတည်ငွေများလွှဲအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
  • မန္တလေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ဧကပေါင်း ၃၆,၀၀၀ ကျော်ရှိပြီး ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါများကို စိုက်ပျိုးကြကြောင်း၊ မည်သည့်ဝါကိုစိုက်ပျိုးသည်ဖြစ်စေ ဝါအထွက်နှုန်းများကောင်းမွန်အောင်ဆောင်ရွက်ရန်လိုသလို အထွက်နှုန်းကောင်းမွန်ရန်အတွက်လည်း မျိုးကောင်းမျိုးသန့်ဖြစ်ရန်၊ သွင်းအားစုများ လုံလောက်စွာရရှိရန်နှင့် စိုက်နည်းစနစ်များမှန်ကန်ရန်လိုကြောင်း။
  • ဝါအထွက်နှုန်းများတိုးတက်လာမည်ဆိုပါက ဝါနှင့်ပတ်သက်သည့် စက်မှုလုပ်ငန်းများ တိုးတက်လာမည်ဖြစ်သဖြင့် မိတ္ထီလာခရိုင်အတွင်း ဝါအထွက်နှုန်းတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
  • ယခင်က ဝါစိုက်ပျိုးခဲ့သော်လည်း ဝါစိုက်ပျိုးမှုကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ခြင်းကြောင့် နိုင်ငံအတွက် လိုအပ်သည့် ဝါထွက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားသုံးစွဲငွေများ ပိုမိုကုန်ကျကြောင်း။
  • ပြည်တွင်း၌ လိုအပ်သည့်အထည်များကို ပြည့်မီအောင် ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး တပ်မတော်ချည် မျှင်နှင့် အထည်စက်ရုံများမှလည်း ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တစ်ဖက်တစ်လမ်းမှ ထုတ်လုပ်ပေးလျက်ရှိကြောင်း။
  • ချည်ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ အရည်အသွေးကောင်းမွန်သည့် ဝါများရရှိ ရန်နှင့် ယက်ကန်းစက်များ ကောင်းမွန်ရန်လိုကြောင်း၊ စက်မှုထွက်ကုန် ဝါကုန် ကြမ်းများကိုအသုံးပြု၍ ချည်ထည်ပစ္စည်းများ ထုတ်လုပ်နိုင်အောင် မိမိတို့အနေ ဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
  • မိတ္ထီလာခရိုင်သည် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်သည့် ဒေသတစ်ခုဖြစ်သဖြင့် မွေးမြူရေးကိုအခြေခံသည့် ထုတ်ကုန်ပစ္စည်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့၍ရကြောင်း။
  • မိတ္ထီလာခရိုင်အတွင်း မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းလျက်ရှိပြီး နွားအကောင် ရေအနေဖြင့် ၄ သိန်းကျော်ရှိသည်ဟု သိရှိရကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်မည်ဆိုပါက ဇီဝမြေဩဇာများ ရရှိမည်ဖြစ်ကြောင်း။
  • သဘာဝမြေဩဇာများသည် စိုက်ပျိုးရေးလုပ်ငန်းများအတွက် များစွာအထောက် အကူဖြစ်စေသဖြင့် အီးအမ်ဘိုကာရှီအပြင် ပိုက်ဆံလျှော်များစိုက်ပျိုး၍လည်း သဘာဝမြေဩဇာအဖြစ် အသုံးပြု၍ရကြောင်း။
  • ဓာတ်မြေဩဇာများ ရရှိရေးအတွက်လည်း နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တောင်သူများအနေဖြင့်လည်း မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ သဘာဝမြေဩဇာ Bio Fertilizer များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း။
  • အလားတူ အခြားဆီထွက်သီးနှံများကို စိုက်ဧကတိုးချဲ့ခြင်းထက် တစ်ဧကချင်း အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ကြရန်လိုကြောင်း။
  • မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံရေးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခြင်းဖြစ်သဖြင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်ကြရန်လိုပြီး နိုင်ငံတော်မှ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း။
  • အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME) များသည် နိုင်ငံအတွက် အရေးကြီးသည့်လုပ်ငန်းများဖြစ်သဖြင့် လိုအပ်သည့်ငွေကြေးများကို နိုင်ငံတော်မှ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း။
  • MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် အလေးထားပြီး ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။
  • လျှပ်စစ်ဓာတ်အားလိုအပ်မှုနှင့်ပတ်သက်၍ မိတ္ထီလာဒေသတွင် သပြေဝ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းရှိသဖြင့် မိတ္ထီလာစက်မှုဇုန်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများရရှိစေရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း။
  • နိုင်ငံတော်မှလည်း လျှပ်စစ်ဓာတ်အားများလုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း။
  • စက်မှုဇုန်အတွင်း ရေဆိုးမြောင်းများ စနစ်တကျရှိစေရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ စက်မှုဇုန်အတွင်း လုပ်ငန်းများဆောင်ရွက်နေသူများအနေဖြင့်လည်း မိမိတို့နေရာအလိုက် ရေမြောင်းများ စနစ်တကျရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း။
  • စက်မှုဇုန်လုပ်ငန်းသည် မိမိဒေသတစ်ခုအတွက်သာ ကွက်၍ဆောင်ရွက်ခြင်း မဟုတ်ဘဲ ကုန်ထုတ်လုပ်မှုကိုအခြေခံ၍ နိုင်ငံ့စီးပွားရေးအထိ အမြင်ကျယ်ကျယ်ဖြင့် ရည်မှန်းဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့။

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်မှုဇုန်မှ ထုတ်လုပ်ထားသည့် ချည်ထည်ပစ္စည်းများ၊ ဆီထွက်ပစ္စည်းများနှင့် အခြားထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိသည့်နေရာများ၊ သိန်းကမ္ဘာကျော် ကုလားပဲခွဲစက်နှင့် စက်မှုလက်မှုလုပ်ငန်းသို့ လှည့်လည်ကြည့်ရှုရာစစ်‌ဆေးခဲ့ရာ လုပ်ငန်းအလိုက်တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၉-၂၀၂၂)

  • နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မတည်ငွေများ လွှဲအပ်ပေးခဲ့သလို ကျန်ရှိသည့်ရန်ပုံငွေများမှလည်း (MSME) လုပ်ငန်းများအတွက်နှင့် ဝါစိုက်ပျိုးတောင်သူများအတွက်လည်း မတည်ငွေများ လွှဲအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိ။
  • မည်သည့်ဝါကိုစိုက်ပျိုးသည်ဖြစ်စေ ဝါအထွက်နှုန်းများကောင်းမွန်အောင်ဆောင်ရွက်ရန် လိုသလို အထွက်နှုန်းကောင်းမွန်ရန်အတွက်လည်း မျိုးကောင်းမျိုးသန့်ဖြစ်ရန်၊ သွင်းအားစုများ လုံလောက်စွာရရှိရန်နှင့် စိုက်နည်းစနစ်များမှန်ကန်ရန်လို။
  • ပြည်တွင်း၌ လိုအပ်သည့်အထည်များကို ပြည့်မီအောင် ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံများမှလည်း ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တစ်ဖက်တစ်လမ်းမှ ထုတ်လုပ်ပေးလျက်ရှိ။
  • ဓာတ်မြေဩဇာများရရှိရေးအတွက်လည်း နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တောင်သူများအနေဖြင့်လည်း မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ သဘာဝမြေဩဇာ Bio Fertilizer များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လို။
  • အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME) များသည် နိုင်ငံအတွက် အရေးကြီးသည့်လုပ်ငန်းများဖြစ်သဖြင့် လိုအပ်သည့်ငွေကြေးများကို နိုင်ငံတော်မှ ထုတ်ချေးပေးသွားမည်ဖြစ်။
  • မိတ္ထီလာဒေသတွင် သပြေဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းရှိသဖြင့် မိတ္ထီလာစက်မှုဇုန်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများရရှိစေရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်စေလို။
  • စက်မှုဇုန်လုပ်ငန်းသည် မိမိဒေသတစ်ခုအတွက်သာ ကွက်၍ဆောင်ရွက်ခြင်းမဟုတ်ဘဲ ကုန်ထုတ်လုပ်မှုကိုအခြေခံ၍ နိုင်ငံ့စီးပွားရေးအထိ အမြင်ကျယ်ကျယ်ဖြင့် ရည်မှန်း ဆောင်ရွက်ရန်လို။

Add new comment