နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ စက်တင်ဘာလ ၂၉ ရက်တွင် မန္တလေးမြို့၊ စက်မှုဇုန် (၁) အတွင်း ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်-
- ပြည်ကြီးတံခွန်မြို့နယ်ရှိ Super Mandalay Co.Ltd ၏ ဘုရင်ဘီစကစ်စက်ရုံသို့ ရောက်ရှိကြရာ စက်ရုံအတွင်း ကုန်ကြမ်းအဆင့်မှ ထုပ်ပိုးမှုအထိ ကုန်ပစ္စည်များ အဆင့်ဆင့်ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့။
- ပိုင်ဖြိုးမြန်မာကုမ္ပဏီ၏ အောင်နိုင်သူ တွင်နှင့်သံရည်ကျို၊ လယ်ယာသုံးရေပန့်သံမဏိသွန်းထည်လုပ်ငန်းသို့ ရောက်ရှိကြရာ စိုက်ပျိုးရေးလုပ်ငန်းသုံး ရေစုပ်ပန့်အပါအဝင် ပန့်အမျိုးမျိုးနှင့် ပန့်အပိုပစ္စည်းများ၊ သတ္တုသွန်းထည်ပစ္စည်းများ၊ ကြိတ်ခွဲရေးလုပ်ငန်းသုံးအပိုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံထည်ပစ္စည်းများစသည်တို့ကို ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မောရိယတိုင်းရင်းဆေးထုတ်လုပ်ရေးလုပ်ငန်းသို့ရောက်ရှိကြရာ စက်ရုံအတွင်း ဆေးဝါးများထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပြီး စက်ရုံခန်းမတွင် စက်ရုံမှူးက မောရိယတိုင်းရင်းဆေးဝါးကို ရှေးယခင်နှစ်ပေါင်း ၁၆၀ မှစ၍ ထုတ်လုပ်ခဲ့မှု၊ လက်ရှိအချိန်တွင် ဆေးဝါးများကို အဆင့်မီစွာဖြင့် ဆက်လက်ထုတ်လုပ်နေမှုအခြေအနေများကို Video clip ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ရန်နှင့် ဓာတုဗေဒပစ္စည်းများ ကင်းစင်စွာဖြင့် ထုတ်လုပ်ရန်လိုအပ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးဝါးများကို ယခုထက်ပိုမိုကျယ်ပြန့် စွာ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ယခု မောရိယဆေးဝါးထုတ်လုပ်ရေးသည် နှစ်ပေါင်း ၁၆၀ ကျော်သက်တမ်းရှိပြီး ကောင်းမွန်သည့် အစဉ်အလာကောင်းများရှိသဖြင့် စနစ်တကျထိန်းသိမ်းပြီး အောင်မြင်အောင် ဆက်လက်ဆောင်ရွက်စေလိုကြောင်းဖြင့် ပြောကြားခဲ့ပြီးနောက် စက်ရုံဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၉-၂၀၂၂)
- နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်မှုဇုန်(၁)အတွင်းရှိ Super Mandalay Co.Ltd ၏ ဘုရင်ဘီစကစ်စက်ရုံ၊ ပိုင်ဖြိုးမြန်မာကုမ္ပဏီ၏ အောင်နိုင်သူ တွင်နှင့်သံရည်ကျို၊ လယ်ယာသုံးရေပန့်သံမဏိသွန်းထည်လုပ်ငန်းနှင့် မောရိယ တိုင်းရင်းဆေးထုတ်လုပ်ရေးလုပ်ငန်းတို့၏ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
Add new comment