PDF အကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား စာသင်ကျောင်းများအတွင်းမှ သိမ်းဆည်းရမိ

        အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် PDF အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများအတွင်း ဝင်ရောက်ပြီး အရပ်သားပြည်သူများအား လူသားတံတိုင်း ပြုလုပ်ကာကွယ်ရယူ၍ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၌ သိုဝှက်သိမ်းဆည်းခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်၍ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ-

  • စက်တင်ဘာလ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း သတင်းပေးချက်အရ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက စည်သာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွင်းမှ  အကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်သေနတ်ပြောင်းများနှင့် ပြုလုပ်ဆဲလက်လုပ်သေနတ်များ၊ လက်လုပ်လက်ပစ်ဗုံး ၄ လုံး၊ ၁၂ ဗို့ဘတ္ထရီ ၂ လုံး၊ သံဖြတ်စက် ၃ လုံး၊ သံဖြတ်စက်အသွား ၄၀ ခု၊ ဝရိန်ပုံး ၁ ပုံး၊ ဝရိန်ချောင်း ၅၀ ချောင်း၊ ဝါယာကြိုးများ၊ ဆာလာအိတ်များ၊ ၅ ဂါလံပုံးများဖြင့် မိုင်းများ ပြုလုပ်ရန် ထည့်ထားသည့် သံတိုသံစများ၊ လက်လုပ်မိုင်းပြုလုပ်ရန် ကားစလစ်အိုး ၄၃ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်နှင့် အခြားဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိခဲ့။
  • အလားတူ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တွင်လည်း မရသိမ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွင်း စခန်းချအခြေပြု အကာအကွယ်ရယူ၍ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက်ချေမှုန်းခဲ့ရာ စာသင်ကျောင်းအတွင်း/အပြင်၌ ခြံစည်းရိုးပတ်လည်အား သဲအိတ်များကာရံခြင်း၊ မိုင်းများထောင်ထားခြင်း၊ သဲအိတ်ဘန်ကာများ တည်ဆောက်ခြင်း၊ အကြမ်းဖက်လေ့ကျင့်ရေးကွင်းများ ဖောက်လုပ်ခြင်းများ ပြုလုပ်ကာ စာသင်ကျောင်းအား အခိုင်အမာစခန်းတည်ဆောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရန် ကြိုတင်ကြံစည်နေမှုကို တားဆီးနိုင်ခဲ့။

        အဆိုပါအကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့ အတွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိခြင်းကြောင့် ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်/ခဲယမ်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၉-၂၀၂၂)

  • လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ စည်သာကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွင်းမှ PDF အကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်း ဆည်းရမိခဲ့။
  • မရသိမ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွင်းမှလည်း စခန်းချအခြေပြု အကာအကွယ်ရယူ၍ အကြမ်းဖက်လေ့ကျင့်ရေးကွင်းများ ဖောက်လုပ်ခြင်းများ ပြုလုပ်ကာ အဆိုပါစာသင်ကျောင်းအား အခိုင်အမာစခန်းတည်ဆောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရန် ကြိုတင်ကြံစည်နေမှုကို တားဆီးနိုင်ခဲ့။

Add new comment