၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုဆေးဝန်ထမ်းတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်တွင် ပထမဆုံးအကြိမ်အဖြစ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို စက်တင်ဘာလ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) ရှိ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့ပါသည်။
အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဦးစီးသော ခွဲစိတ်ပါရဂူအဖွဲ့၊ မေ့ဆေးနှင့် အထူးကြပ်မတ်ကုသမှုအဖွဲ့တို့နှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Apollo Hospital မှ အသည်းအစားထိုးခွဲစိတ်ဆရာဝန်ကြီး Dr.Neerav Goyal ဦးဆောင်သော အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။
အဆိုပါအသည်းအစားထိုးကုသမှုတွင် တပ်ခွဲတပ်ကြပ်ကြီး အောင်ချစ်ဝင်းနှင့် အသည်းအလှူရှင်ဖြစ်သည့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မျိုးသူဇာတို့ကို ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့်ကြာမြင့်ခဲ့ပါသည်။ အသည်းအလှူရှင် လူနာနှင့် အသည်းလက်ခံလူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လက်ရှိအချိန်တွင် အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သောပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၉-၂၀၂၂)
-
(၇၅) နှစ်မြောက် စိန်ရတုဆေးဝန်ထမ်းတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်တွင် ပထမဆုံးအကြိမ် အသည်းအစားထိုးကုသခဲ့။
-
အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့ပြီး လက်ရှိအချိန်၌ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိ။
Add new comment