စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အကြမ်းဖက်သမားများအနေဖြင့် ရေဦး မြို့နှင့် ခင်ဦးမြို့သွားကားလမ်းမကြီးတစ်လျှောက် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြောင်းမဲ့ အကြမ်းဖက် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ ကြီးမားစွာလုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း တာဝန်သိဒေသခံပြည်သူတချို့၏ သတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကားလမ်းမကြီးတစ်လျှောက် စက်တင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကားလမ်းဝဲ/ယာ တစ်လျှောက် လက်လုပ်ဒေသန္တရမိုင်းမျိုးစုံ ၁၁၂ လုံး၊ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်လက်ပစ်ဗုံး ၄ လုံးနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး အများပြည်သူအန္တရာယ်မဖြစ်ရေး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ပါသည်။
NUG နှင့် PDF အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသည့် တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံရေးချောမွေ့ မှုမရှိစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ခရီးသွားယာဉ်များနှင့် ခရီးသွားပြည်သူများအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူတချို့ သေဆုံး/ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အများအပြားရှိခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အကြမ်းဖက်မှုလုပ်ရပ် ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေး၊ အေးချမ်းတည်ငြိမ်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၉-၂၀၂၂)
- စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦး- ခင်ဦးကားလမ်းမကြီးတစ်လျှောက် NUG နှင့် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းများအား အများပြည်သူဘေးအန္တရာယ်မရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ၀င်က ဖယ်ရှားရှင်းလင်းခဲ့ရာ လက်လုပ်ဒေသန္တရမိုင်းမျိုးစုံ ၁၁၂ လုံး၊ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်လက်ပစ်ဗုံး ၄ လုံးနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး အများပြည်သူအန္တရာယ်မဖြစ်ရေး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့။
Add new comment