နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို၊ ငို၊ ပြော ဇာတ်‌တော်ကြီး တင်ဆက်ကပြမှုကို တက်ရောက်ကြည့်ရှုအားပေး

          မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် အနုပညာရှင်များ ပူးပေါင်းပါဝင်၍ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေတင်ဆက်ထားသည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးကို စက်တင်ဘာလ ၂၄ ရက် ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်အတွင်း၌ တင်ဆက်ကပြဖျော်ဖြေရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

       အဆိုပါဇာတ်တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်တာဝန်ရှိပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

         “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးကို မြန်မာ့သမိုင်းတွင် ရတုရေးသားရာ၌ တံခွန်စိုက်ထူခဲ့သည့် တောင်ငူဘုရင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာမင်းသမီးတို့၏ အချစ်ဇာတ်ကြောင်း၊ ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီး၏သမီးတော်ဖြစ်သော်လည်း လောကဒဏ်အနိမ့်အမြင့် အတက်အကျတွင် လိုက်ပါခဲ့ရသည့် ရာဇဓာတုကလျာ၏ ရင်နင့်ဖွယ်ရာဖြစ်ရပ်နှင့်အတူ ပဒေသရာဇ်များ၏အားပြိုင်မှုမှ ဖြစ်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းများကို နောက်ခံလျက် စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိရှိသည်သာမက အနုသုခုမပညာတွင်လည်း လက်ရာပြောင်မြောက်ခဲ့သည့် နတ်သျှင်နောင်သည် မိမိတို့၏နိုင်ငံအတွင်း ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို အကြွင်းမဲ့ယုံစား၍ ပူးပေါင်းဆောင်ရွက်မိသဖြင့် မလှပသော သမိုင်းနိဂုံးဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်းတစ်ကွေ့၏ သတိမူစရာ သင်ခန်းစာဖြစ်ရပ်တစ်ခုအနေဖြင့် တင်ဆက်ကပြရခြင်းဖြစ်ပါသည်။

        သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမအမွေအနှစ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တိုးတက်ပြန့်ပွားစေရန် ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ စိတ်အပန်းပြေစေရန်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို အခြေခံသည့် ဖျော်ဖြေရေးအစီအစဉ်များကို ဖော်ထုတ်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၉-၂၀၂၂)

  • မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် အနုပညာရှင်များ ပူးပေါင်းပါဝင်၍ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေတင်ဆက်ထားသည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးကို နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်အတွင်း၌ တင်ဆက်ကပြဖျော်ဖြေရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေးခဲ့။

Add new comment