အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမားများအပေါ် ဥပဒေချိုးဖောက်မှုများရှိသည်ဟူသော သတင်းဖော်ပြမှုနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက သတင်းမှန်ထုတ်ပြန်ထားပါသည်။
သတင်းမှန်ထုတ်ပြန်ခြင်း
အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမားများအပေါ် ဥပဒေချိုးဖောက်မှုများရှိသည်ဟူသော သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အလုပ်သမားရေးရာပေါင်းစပ်အဖွဲ့ဖြင့်လည်းကောင်း၊ စည်းကြပ်ဥပဒေများဖြင့်လည်းကောင်း မှန်ကန်မှု ရှိ/ မရှိ စိစစ်၍ အလုပ်သမားများရပိုင်ခွင့်များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။
Myanmar Labour News၏ ၂-၉-၂၀၂၂ ရက်စွဲပါ လူမှုကွန်ရက်စာမျက်နှာ၌ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Rong Da Garment Co.,Ltd အထည်ချုပ်စက်ရုံရှိ အလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း နားရက်မရှိ အလုပ်လုပ်နေရပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၈:၀၀)နာရီမှ ညနေ (၆:၃၀) နာရီအထိ တစ်နေ့အလုပ်ချိန် ၁၀ နာရီ မိနစ် ၃၀ ခန့် အလုပ်လုပ်ကိုင်နေရကြောင်း၊ အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ အချိန်ပိုဆင်းခိုင်းပြီး ည (၇:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ အချိန်ပိုလုပ်ကိုင်ရကြောင်း၊ စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် အောလင်း၊ အောနိုက်ဆင်းပေးရပြီး လုပ်ငန်းခွင်အတွင်း Super ၊ All Super ၊ Leader များမှ အလုပ်သမားများအား ကြမ်းတမ်းစွာ ပြောဆိုဆဲရေးကြောင်း၊ ဥပဒေပါခွင့်ရက်နှင့် အလုပ်ပိတ်ရက်ခွင့်ခံစားခွင့် မရရှိကြောင်း၊ စံချိန်များ မတရားတောင်းခံပြီး စံချိန်မပြည့်ပါက အလုပ်သမားများအား အချိန်ပိုဆင်းခိုင်း၍ ငြင်းဆန်ပါက လိုင်းစူပါများမှ ဆဲဆိုကာ အလုပ်မှထုတ်မည်ဟု ခြိမ်းခြောက်ကြောင်း၊ စက်ရုံတွင် ညအိပ်ရန် နေရာစီစဉ်ပေးထားမှု မရှိသောကြောင့် အဆင်ပြေသည့်နေရာတွင် ကြုံသလိုအိပ်ရ၍ ကျန်းမာရေးထိခိုက်လာကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ်ပါ စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ ဥပဒေမဲ့ အလုပ်မှထုတ်ပယ်နေကြောင်း ဖော်ပြခဲ့ပါသည်။
Myanmar Labour News ၌ ဖော်ပြပါရှိသော သတင်းနှင့်ပတ်သက်ပြီး ၇-၉-၂၀၂၂ ရက် နေ့မွန်းလွဲ (၃:၀၀) နာရီတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့၏ တာဝန်ခံအရာရှိများသည် စက်ရုံသို့ သွားရောက်၍ လုပ်ငန်းပိုင်ရှင်၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များနှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းခဲ့ရာ သတင်းအမှန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) တစ်ရက်အလုပ်ချိန်မှာ နံနက်(၈:၀၀)နာရီမှ ညနေ(၄:၀၀) နာရီအထိ ဖြစ်ပြီး၊ နားချိန် (၁၂:၀၀) နာရီမှ (၁၂:၃၀)နာရီအထိဖြစ်ကြောင်း၊
( ခ ) အချိန်ပိုခိုင်းစေမှုရှိပြီး အလုပ်သမားများ၏ သဘောတူညီမှုရယူပြီး ဤဦးစီးဌာန ခွင့်ပြုချက်ဖြင့် ညနေ(၄:၃၀) နာရီမှ (၆:၃၀)နာရီအထိ လုပ်ကိုင်ကြောင်း၊
( ဂ ) တနင်္ဂနွေနေ့များတွင် အလုပ်လုပ်ကိုင်ရပါက အလုပ်သမားများ၏ သဘောဆန္ဒရယူ၍ ဤဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ကြောင်း၊
(ဃ) အများပြည်သူပိတ်ရက်များတွင် အလုပ်လုပ်ကိုင်ရခြင်း မရှိကြောင်း၊
( င ) ဥပဒေပါခွင့်ရက်များ တောင်းခံလာပါက ခံစားခွင့်ပေးကြောင်း၊
( စ ) အလုပ်သမားများအား စံချိန်မတရားတောင်းပြီး ဆဲဆိုခြင်းများ မရှိကြောင်း၊
(ဆ) ညဆိုင်းခိုင်းစေခြင်းမရှိသောကြောင့် ညအိပ်ရန်နေရာ စီစဉ်ရန် မလိုအပ်ပါကြောင်း၊
( ဇ ) အလုပ်ရှင်၊ အလုပ်သမားသဘောတူညီချက်စာချုပ်ပါ စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ပြီး ဥပဒေမဲ့ ထုတ်ပယ်ခြင်း မရှိကြောင်း။
သို့ဖြစ်ပါ၍ Myanmar Labour News တွင်ဖော်ပြပါရှိသော Rong Da Garment Co.,Ltd., အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့်သတင်းမှာ စက်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းသာယာမှု ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် သွေးထိုးလှုံ့ဆော်ခြင်းသာဖြစ်ပြီး မှန်ကန်မှုမရှိကြောင်း သတင်းမှန်ထုတ်ပြန်အပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၉-၂၀၂၂)
- Myanmar Labour News၏ ၂-၉-၂၀၂၂ ရက်စွဲပါ လူမှုကွန်ရက်စာမျက်နှာ၌ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Rong Da Garment Co.,Ltd အထည်ချုပ်စက်ရုံရှိ အလုပ်သမားများအပေါ် ဥပဒေချိုး ဖောက်မှုများရှိသည်ဟူသော သတင်းဖော်ပြခဲ့။
- Myanmar Labour News ၌ ဖော်ပြပါရှိသော သတင်းနှင့်ပတ်သက်ပြီး ၇-၉-၂၀၂၂ ရက် တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့၏ တာဝန်ခံအရာရှိများသည် စက်ရုံသို့ သွားရောက်၍ လုပ်ငန်းပိုင်ရှင်၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များနှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းခဲ့။
- Myanmar Labour News တွင်ဖော်ပြပါရှိသော Rong Da Garment Co.,Ltd., အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့်သတင်းမှာ စက်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းသာယာမှု ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် သွေးထိုးလှုံ့ဆော်ခြင်းသာဖြစ်ပြီး မှန်ကန်မှုမရှိ။
Add new comment