ငါန်းဇွန်မြို့နယ်နှင့် မြောင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား လူမဆန်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည့် ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ ဖမ်းဆီးရမိ

 

 

       မန္တလေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာအနီး၌ ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော စိုင်းထက်အောင်၊ လှိုင်မျိုးအောင်၊ ကြံ့ခိုင်ထွန်းသူတို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။ 

          ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်နှင့် စိစစ်ဖော်ထုတ်ချက်အရ-

  • ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များသည် ငါန်းဇွန်မြို့နယ်၊ နတ်ကြီးကျေးရွာတွင် ခိုအောင်းနေထိုင်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဇော်မင်းထွေး၊ အောင်ကိုလတ်၊ ကျော်သူ၊ ဖိုးဦး၊ ဇော်လင်းအောင်တို့ ၅ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် ဇော်လင်းအောင်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့်လက်နက်အား လုယူထွက်ပြေးရန် ကြိုးစားခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့။
  • ဖမ်းဆီးရမိတရားခံများသည် တရားခံ မင်းမင်းဦး(ဖမ်းမမိသေး)၏ စည်းရုံးမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်ခန့်တွင် မြောင်မြို့နယ်၊ ညောင်ကန်ကျေးရွာအနီး ကိုင်းတောအတွင်း၌ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ရေးသင်တန်း ၁ လ ခန့် တက်ရောက်ခဲ့။
  • ငါန်းဇွန်မြို့နယ်နှင့် မြောင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ရန်အတွက် ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံ အောင်ဝင်းဦး ခေါင်းဆောင်၍ အင်အား ၄၄ ဦးခန့်ဖြင့် ဖွဲ့စည်းခဲ့။

         ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များသည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား ရက်စက်ယုတ်မာစွာဖြင့် လုပ်ကြံသတ်ဖြတ်မှု ၄ ကြိမ် ကျူးလွန်ခဲ့ပါသည်-

  • ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် ငါန်းဇွန်မြို့နယ်၊ ထနောင်းကုန်းကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှိုင်မင်းထွန်းနှင့် ဇနီးဒေါ်မြင့်တို့အား ဒလန်ဟုစွပ်စွဲ၍ လူမဆန်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း။
  • စက်တင်ဘာလ ၂ ရက်တွင် တရားခံ မင်းမင်းဦး (ဖမ်းမမိသေး)နှင့် စိုင်းထက်အောင်တို့သည် ငါန်းဇွန်မြို့နယ်၊ ကန့်လန့်ကျေးရွာ၌ အပြစ်မဲ့ပြည်သူ ဦးမင်းအောင်အား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
  • စက်တင်ဘာလ ၁၆ ရက်တွင် ငါန်းဇွန်မြို့နယ်၊ ကန့်လန့်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးဘမော်အား ဒလန်ဟုစွပ်စွဲကာ ကန့်လန့်ကျေးရွာ အထက်တန်းကျောင်းအရှေ့၌ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း။
  • စက်တင်ဘာလ ၁၆ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ မင်းမင်းဦး၏စေခိုင်းချက်အရ ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးသည် ကန်သာကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးမျိုးမြင့်အား ဒလန်ဟုစွပ်စွဲကာ ကန်သာကျေးရွာ ရွာလယ်လမ်းမပေါ်၌ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း။

          သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၉-၂၀၂၂)

  • ငါန်းဇွန်မြို့နယ်နှင့် မြောင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား လူမဆန်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည့် ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ၈ ဦးအား ဖမ်းဆီးရမိခဲ့။
  • ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များသည် ငါန်းဇွန်မြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူ ၅ ဦးအား ရက်ရက်စက်စက်ယုတ်မာစွာဖြင့် ခေါင်းဖြတ်လုပ်ကြံသတ်ဖြတ်ခဲ့။

Add new comment