အာဆီယံ၏ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အပေါင်းသုံးနိုင်ငံများနှင့် ပြုလုပ်သော ဝန်ကြီးအဆင့်အစည်းအဝေးများ ဆက်လက်ကျင်းပ

          (16th AMMTC) စုံညီအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အပေါင်းသုံးနိုင်ငံတို့နှင့် ပြုလုပ်သော အစည်းအဝေးများကို စက်တင်ဘာလ ၂၂ ရက်တွင် ဆက်လက်ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် အပေါင်းသုံးနိုင်ငံတို့မှ ဝန်ကြီးအဆင့် AMMTC ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

         9th AMMTC + China ၊  7th AMMTC + Japan နှင့် 3rd AMMTC + ROK ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးများကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်မှ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများမှ ဝန်ကြီးများနှင့် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အဆိုပါအစည်းအဝေးများတွင် ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က-

  • သမားရိုးကျမဟုတ်သော လုံခြုံရေးအခန်းကဏ္ဍ၌ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်းနှင့် နှစ်ဦးနှစ်ဖက်အပြန်အလှန် နားလည်ယုံကြည်မှု ခိုင်မာအားကောင်းစေမည့် နည်းလမ်းများ ဖော်ထုတ်သွားကြမည်ဖြစ်ကြောင်း။
  • နှစ်နိုင်ငံနယ်နိမိတ်တွင် ခိုအောင်းနေသော ရာဇဝတ်ဂိုဏ်းများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေး အလေးထားဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း။
  • မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံတကာစီးပွားရေးမှုခင်း၊ အကျဉ်းသားများ၊ လူဝင်မှုကြီးကြပ်ရေး၊ စုံစမ်းစစ်ဆေးရေးနှင့် နည်းပညာမြင့်သော မှုခင်းများစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအတွက် စွမ်းရည်မြှင့်တင်ခြင်းနှင့် သတင်းအချက်အလက်၊ ကောင်းမွန်သော လုပ်ထုံးလုပ်နည်းများနှင့် နည်းပညာကျွမ်းကျင်မှုများ ဖလှယ်ခြင်းမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာများကို လက်ရှိပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းစီမံချက် ၂၀၁၉ -၂၀၂၃ မူဘောင်မှ ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

          12th AMMTC + 3 (တရုတ်၊ ဂျပန်၊ ကိုရီးယား) တို့နှင့် ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး H.E. Samdech Kralahorm Sar Kheng က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က-

  • အကြမ်းဖက်သမားများသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ (ICT) အပါအဝင် ဆန်းသစ်သောနည်းပညာရပ်များကို တိုးမြှင့်အသုံးပြုလာသည့်အပြင် ၎င်းတို့သည် လက်လုပ်ဖောက်ခွဲရေးပစ္စည်းများ (IEDs) နှင့် Drone များကို တွဲဖက်အသုံးပြု၍ နောင်အနာဂတ်တွင် ဖျက်အားပြင်း ဖောက်ခွဲရေးပစ္စည်းများဖြင့် ပိုမိုဆောင်ရွက်လာနိုင်ကြောင်း။
  • လက်နက်မှောင်ခိုမှုခင်းများသည် အကြမ်းဖက်အုပ်စုများနှင့် ချိတ်ဆက်မှုရှိနေသဖြင့် လူ့အသိုင်းအဝိုင်းများ လုံခြုံဘေးကင်းမှုတွင် ခြိမ်းခြောက်မှုဖြစ်စေနိုင်ကြောင်း။
  • အာဆီယံ+၃ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းစီမံချက်မူဘောင်မှ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း သိမ်းဆည်းရမိသော Drone များကို ခွဲခြမ်းစိတ်ဖြာ၍ ဒစ်ဂျစ်တယ်သက်သေခံ အထောက်အထားများ ဖော်ထုတ်ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များ ပြုလုပ်ပေးစေလိုကြောင်း။

       ထို့နောက် AMMTC ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ကျင်းပရာ ၂၀၂၃ ခုနှစ်တွင် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံသို့ AMMTC ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် အခမ်းအနားကျင်းပခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၉-၂၀၂၂)

  • သမားရိုးကျမဟုတ်သော လုံခြုံရေးအခန်းကဏ္ဍ၌ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းနှင့် နှစ်ဦးနှစ်ဖက်အပြန်အလှန် နားလည်ယုံကြည်မှု ခိုင်မာအားကောင်းစေမည့် နည်းလမ်းများ ဖော်ထုတ်သွားမည်ဖြစ်။
  • အကြမ်းဖက်သမားများသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ (ICT) အပါအဝင် ဆန်းသစ်သောနည်းပညာရပ်များကို တိုးမြှင့်အသုံးပြုလာသည့်အပြင် ၎င်းတို့သည် လက်လုပ်ဖောက်ခွဲရေးပစ္စည်းများ (IEDs) နှင့် Drone များကို တွဲဖက်အသုံးပြု၍ နောင်အနာဂတ်တွင် ဖျက်အားပြင်း ဖောက်ခွဲရေးပစ္စည်းများဖြင့် ပိုမိုဆောင်ရွက်လာနိုင်။
  • အာဆီယံ+၃ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်မူဘောင်မှ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း သိမ်းဆည်းရမိသော Drone များကို ခွဲခြမ်းစိတ်ဖြာ၍ ဒစ်ဂျစ်တယ်သက်သေခံ အထောက်အထားများ ဖော်ထုတ်ရေးဆိုင်ရာစွမ်းရည်မြှင့်တင်ရေးအစီအစဉ်များ ပြုလုပ်ပေးစေလို။

Add new comment