လာမည့်ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်းအထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်မည်

          စက်တင်ဘာလ ၂၀ ရက်တွင်  နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌  ကျင်းပသည့် KG+12 သင်ရိုးညွှန်းတမ်းနှင့်  တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာညွန့်ဖေက-

  • လာမည့်ပညာသင်နှစ်မှစတင်၍ ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်းအထက်တန်းကျောင်းများ တွဲဖက်၍ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း။
  • ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ အခမဲ့ပညာသင်ယူနိုင်ရေးကို မူဝါဒချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
  • KG+9 အောင်မြင်ပြီးသူများအနေဖြင့် Grade 10 ,Grade 11 , Grade 12 နှင့် အဆင့်မြင့်တက္ကသိုလ်ပညာများအထိ သင်ယူနိုင်ကြောင်း။
  • Grade 10 , Grade 11 , Grade 12 အထိ  မတက်ရောက်တော့ဘဲ စိုက်ပျိုးရေးအထက်တန်းကျောင်း၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် နည်းပညာအထက်တန်းကျောင်းများသို့ တက်ရောက်လိုပါကလည်း တက်ရောက်နိုင်ကြောင်း။
  • KG+12 အောင်မြင်ပြီး တက္ကသိုလ်ဆက်လက်တက်ရောက် ပညာသင်ယူသူများအတွက် သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်မှု၊ ဆက်စပ်မှုရှိစေရေးကိုဝိုင်းဝန်း၍ စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • တက္ကသိုလ်ပထမနှစ် သင်ရိုးညွှန်းတမ်းနှင့် ချိတ်ဆက်မှုရှိ/မရှိ စိစစ်နိုင်ရေးအတွက်  Grade 12  သင်ရိုးညွှန်းတမ်း သို့မဟုတ်  Grade 12  Outlines များကို ချပြဆွေးနွေးရန် လိုအပ်ကြောင်း။

      ထို့နောက် သင်ရိုးညွှန်းတမ်းနှင့် ဘာသာရပ်ဆိုင်ရာ အရည်အသွေးတိုးတက်ကောင်းမွန်ရေးအတွက် ဘာသာရပ်သင်ကြားရေးအဖွဲ့ (Board of Studies) တွင် အရည်အချင်းရှိသူများ၊ အငြိမ်းစားဆရာကြီးများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်ကြီးများ၊ ရာထူးငယ်သော်လည်း ဘာသာရပ်ကျွမ်းကျင်သူ ဆရာများကို ဖိတ်ကြား၍ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မဟာတန်းနှင့် ပါရဂူတန်းပြင်ပကျမ်းကြီးကြပ်သူများအဖြစ် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများကို ထည့်သွင်းဖွဲ့စည်းသွားကြရန် တက္ကသိုလ်အားလုံးတွင် တာဝန်ရှိကြောင်းနှင့် ပညာရေးနိမ့်ကျနေသည်ကို ကုစားနိုင်ရေးအတွက် လမ်းကြောင်းမှန်ကို ဝိုင်းဝန်းပူးပေါင်း ရှာဖွေဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။         

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၉-၂၀၂၂)

  • KG+12 သင်ရိုးညွှန်းတမ်းနှင့်  တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လာမည့်ပညာသင်နှစ်မှစတင်၍ ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်းအထက်တန်းကျောင်းများ တွဲဖက်၍ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ပညာရေးနိမ့်ကျနေသည်ကို ကုစားနိုင်ရေးအတွက် လမ်းကြောင်းမှန်ကို ဝိုင်းဝန်းပူးပေါင်း ရှာဖွေဆောင်ရွက်ကြရန် ပြောကြားခဲ့။

Add new comment