နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မစ္စတာမန်ဂျူရူလ်ကရင်လ်ခမ်ချောင်ဒရီအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အနီး မကြာမီကဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ စက်တင်ဘာလ ၁၉ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)၌ ခေါ်ယူတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က-
- AA အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့ပူးပေါင်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်၊ BP-၃၁ အနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တောင်ပြိုဝဲရဲကင်းစခန်းအား မော်တာကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါမော်တာကျည်(၃)လုံးသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း။
- AA အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့သည် အလားတူ စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်၊ BP-၃၄ အနီး တောင်ပြိုယာရဲကင်းစခန်းအား မော်တာကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ မော်တာကျည် (၉) လုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း။
- နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုးအနီးမှနေ၍ ပစ်ခတ်တိုက်ခိုက်နေမှုများသည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း။
- မြန်မာနိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် နှစ်နိုင်ငံနယ်နိမိတ်အနီးလိုအပ်သည့် လုံခြုံရေးကိစ္စများဆောင်ရွက်ရာတွင် နှစ်နိုင်ငံသဘောတူညီချက်များနှင့် နိုင်ငံတကာစံနှုန်းများအား လေးစားလိုက်နာဆောင်ရွက်လျက်ရှိကြောင်း။
- နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် ဘင်္ဂလားဒေ့ရှ်ဘက်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်ဘက်က အပြည့်အဝပူးပေါင်းဆောင်ရွက်မှုသည်လည်း အလွန်အရေးကြီးကြောင်း အသိပေးပြောကြားခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း AA အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့၏ ခြေကုပ်စခန်းများတည်ရှိသည့် အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ စက်တင်ဘာလ ၇ ရက်စွဲပါ သံတမန်စာဖြင့် ပေးပို့ပြီးဖြစ်၍ အဆိုပါကိစ္စကို ဘင်္ဂလားဒေ့ရှ်ဘက်က မြေပြင်တွင် စုံစမ်းစစ်ဆေးအရေးယူမှုများ ချက်ချင်းပြုလုပ်ပေးရန် ညွှန်ကြားရေးမှူးချုပ်က ထပ်လောင်းအသိပေးခဲ့ပြီး ဖြစ်စဉ်အခြေအနေမှန်ကို ရှင်းလင်းဖော်ပြထားသည့် စာလွှာအား ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးထံသို့ ပေးအပ်ခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်အနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဖြစ်စဉ်အခြေအနေမှန်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ စက်တင်ဘာလ ၇ ရက်နှင့် ၁၇ ရက်များတွင် သံတမန်စာများဖြင့် ပြန်လည်ရှင်းလင်းအသိပေးပြီး ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၉-၂၀၂၂)
- နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်နိမိတ်အနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဖြစ်စဉ်အခြေအနေမှန်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ စက်တင်ဘာလ ၇ ရက်နှင့် ၁၇ ရက်များတွင် သံတမန်စာများဖြင့် ပြန်လည်ရှင်းလင်းအသိပေးခဲ့ပြီးဖြစ်။
Add new comment