AA အဖွဲ့နှင့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ ပူးပေါင်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုးအနီးမှ လုံခြုံရေးရဲကင်းစခန်းများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်၍ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းအားလုံးကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်၍ တွေ့ဆုံဆွေးနွေးခဲ့ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် AA အဖွဲ့အနေဖြင့် နိုင်ငံတော်၏ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို လျစ်လျူရှု၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်ခြား မှတ်တိုင်များအနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းအား တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိရာ-

  • စက်တင်ဘာလ ၁၆ ရက်တွင် AA အဖွဲ့အနေဖြင့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင်၊ ဘီပီ-၃၁ အနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တောင်ပြိုလက်ဝဲရဲကင်းစခန်းအား  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်များသည် ရဲကင်းစခန်းနှင့် နယ်စပ်ခြံစည်းရိုးအား ကျော်လွန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့။
  • စက်တင်ဘာလ ၁၇ ရက်တွင် ဘီပီ -၃၄ အနီး တောင်ပြိုလက်ယာ ရဲကင်းစခန်းအား ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည် ၈ လုံး ကျရောက်ပေါက်ကွဲခဲ့။
  • အဆိုပါ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးရှိ ပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

      နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အဘက်ဘက်မှ ကြိုးပမ်းနေစဉ်ကာလအတွင်း AA အဖွဲ့သည် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုးအနီးမှနေ၍ ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခြင်းသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရေးပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

         AA အဖွဲ့အနေဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ခြင်းများ ဆောင်ရွက်၍ သြဂုတ်လ ၃၁ ရက် တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်နိမိတ် နယ်ခြားမှတ်တိုင်အမှတ် ဘီပီ -၄၀ ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းအား သာလွန်အင်အားဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းအား လက်လွတ်ဆုံးရှုံးခဲ့ရပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ကျဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

       အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇ္ဇားရှိ အမှတ်(၃၄)ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှတစ်ဆင့် အကြောင်းကြားစာ ပို့ထားရှိကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားစာများ ပေးပို့ထားရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၉-၂၀၂၂)

  • AA အဖွဲ့အနေဖြင့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်အနီး လုံခြုံရေးတာဝန်ဆောင်ရွက်လျက် ရှိသည့် တောင်ပြိုလက်ဝဲရဲကင်းစခန်းနှင့် တောင်ပြိုလက်ယာရဲကင်းစခန်းတို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါစခန်းများအား ကျော်လွန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည် ၁၁ လုံး ကျရောက်ပေါက်ကွဲခဲ့။
  • အဆိုပါ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးရှိ ပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့။
  • AA အဖွဲ့သည် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုးအနီးမှနေ၍ ယခုကဲ့သို့ ပစ်ခတ် တိုက်ခိုက်ခြင်းသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရေးပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်။
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇ္ဇားရှိ အမှတ်(၃၄)ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သို့ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှတစ်ဆင့် အကြောင်းကြားစာပို့ထားရှိကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားစာများ ပေးပို့ထားရှိ။

Add new comment