မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တားဆီးကာကွယ်ရေးဆိုင်ရာအစည်းအဝေး ကျင်းပပြုလုပ်

          မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ်ကျင်းပသည့် (၅) ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တားဆီးကာကွယ်ရေးဆိုင်ရာအစည်းအဝေးကို စက်တင်ဘာလ ၁၅ ရက်တွင်ကျင်းပခဲ့ပါသည်။

        နှစ်နိုင်ငံကိုယ်စားလှယ်များက မူးယစ်ဆေးဝါးပြဿနာ ရင်ဆိုင်ဖြေရှင်းရာတွင် ကြုံတွေ့နေရသည့် အတွေ့အကြုံများနှင့် စိန်ခေါ်မှုအခက်အခဲများ၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်များ၊ နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံပူးတွဲကင်းလှည့်ခြင်းဆိုင်ရာကိစ္စရပ်များ၊ (၆) ကြိမ်မြောက် အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးတွင် ရဲမှူးချုပ် ဝင်းနိုင်က-

  • မူးယစ်ဆေးဝါးပြဿနာများ ဖြေရှင်းဆောင်ရွက်ရာတွင် စိန်ခေါ်မှုအသစ်များစွာ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ အရည်အသွေးကောင်းပြီး ဈေးနှုန်းသက်သာသည့် လူလုပ်ဆေးဝါးသစ်များထွက်ပေါ်နေခြင်းကြောင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး ဘက်ပေါင်းစုံကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်း၍လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိကာ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကဏ္ဍကို အထူးအလေးထား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • မူးယစ်ဆေးဝါးများအဖြစ်ထုတ်လုပ်ရာတွင် ပရီကာဆာဓာတုပစ္စည်းများသည် အဓိက မရှိမဖြစ်လိုအပ်သည့်အတွက် ပရီကာဆာဓာတုပစ္စည်းများကို နည်းလမ်းစနစ်တကျ တားဆီးထိန်းချုပ်ရေး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံတွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာကွန်ဗင်းရှင်းများအရ လည်းကောင်း၊ မြန်မာနိုင်ငံ၏လိုအပ်ချက်အရ လည်းကောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်သတ်မှတ်ကာ ဓာတုပစ္စည်းများလမ်းလွဲရောက်ရှိမှုမရှိစေရေး အထူးအလေးထားဆောင်ရွက် လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့။

        အစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Md. Abdul Wahhab Bhuiyan ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၉-၂၀၂၂)

  • မူးယစ်ဆေးဝါးပြဿနာများ ဖြေရှင်းဆောင်ရွက်ရာတွင် စိန်ခေါ်မှုအသစ်များစွာ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်သလို အရည်အသွေးကောင်းပြီး ဈေးနှုန်းသက်သာသည့် လူလုပ်ဆေးဝါးသစ်များ ထွက်ပေါ်နေခြင်းကြောင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ယခုထက် ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်။
  • မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး ဘက်ပေါင်းစုံကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်း၍လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိကာ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံ များနှင့်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကဏ္ဍကို အထူးအလေးထား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်။
  • မြန်မာနိုင်ငံတွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာကွန်ဗင်းရှင်းများအရနှင့် မြန်မာနိုင်ငံ၏လိုအပ်ချက်အရ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်သတ်မှတ်ကာ ဓာတုပစ္စည်းများ လမ်းလွဲရောက်ရှိမှု မရှိစေရေး အထူးအလေးထားဆောင်ရွက်လျက်ရှိ။

Add new comment