လူနာပို့ဆောင်ပြီး ပြန်လာသည့် လူမှုကူညီရေးယာဉ်တစ်စီးအား PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်

         စက်တင်ဘာလ ၉ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ လူနာသွားရောက်ပို့ဆောင်ပြီး ရေးမြို့သို့ပြန်လည်ထွက်ခွာလာသည့် လူမှုကူညီရေးယာဉ်တစ်စီးအား PDF အကြမ်းဖက်သမားများက သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လူမှုကူညီရေးယာဉ်မှာ လမ်း၏ယာဘက်မြေသားပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ပြီး ယာဉ်ခေါင်းပိုင်းပျက်စီးကာ ယာဉ်မောင်းတွင် လည်ပင်းမိုင်းစဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲမျက်ခုံးကွဲ၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာများနှင့် အကူယာဉ်မောင်းတွင် နဖူးယာဘက်ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပါသည်။

         PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများအပြင် မီးသတ်ယာဉ်များ၊ ကျန်းမာရေးကိစ္စရပ်များအတွက် ကူညီဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးယာဉ်များနှင့် အရပ်ဘက်ကုန်တင်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသဖြင့် ၎င်းတို့လုပ်ရပ်များအား ပြည်သူတစ်ရပ်လုံးက ပြစ်တင်ရှုတ်ချလျက်ရှိပါသည်။

       ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ၏ကျန်းမာရေး အခက်အခဲများအား ကိုယ်ကျိုးမငဲ့ကူညီဆောင်ရွက်နေသည့် ပရဟိတလူမှုကူညီရေးယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၉-၂၀၂၂)

  • မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ လူနာသွားရောက်ပို့ဆောင်ပြီး ရေးမြို့သို့ ပြန်လည်ထွက်ခွာလာသည့် လူမှုကူညီရေးယာဉ်တစ်စီးအား PDF အကြမ်းဖက်သမားများက သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်းနှင့် အကူယာဉ်မောင်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိ။

Add new comment