အကြမ်းဖက်သမားများက ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာ၊ ပေါ်ဦးရပ်ကွက်အနီးရှိ ဓာတ်အားပေးတာဝါတိုင် ၁ ခုအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

        စက်တင်ဘာလ ၆ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာ၊ ပေါ်ဦးရပ်ကွက်အနီးရှိ ဓာတ်အားပေးတာဝါတိုင် ၁ ခု အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် တာဝါတိုင်အမှတ်(၁၃၀)မှာ လဲကျပျက်စီးခဲ့ပြီး မဟာဓာတ်အားလိုင်းမှူးရုံး(လွိုင်ကော်)မှ တာဝန်ယူထိန်းသိမ်းရသော ၁၃၂ ကေဗွီ လောပိတ-တီကျစ်မဟာဓာတ်အားလိုင်း ဓာတ်အားပို့လွှတ်မှု ပြတ်တောက်ခဲ့ကြောင်း သိရှိရပါသည်။

        အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံသုံး၍ လုပ်ဆောင်လျက်ရှိရာတွင် အများအားဖြင့် အေးချမ်းစွာနေထိုင်သော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၊ တယ်လီဖုန်းတာဝါတိုင်များနှင့် ဓာတ်အားပေးတာဝါတိုင်များအား မီးရှို့ဖျက်ဆီးဖောက်ခွဲခြင်းဖြင့် အစိုးရယန္တရားရပ်တန့်စေရေးကို ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ခြင်းများကြောင့် အမှန်တကယ် ထိခိုက်နစ်နာသည့် ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်မှုများအပေါ် လုံးဝလက်မခံနိုင်သည့်အပြင် အားပေးထောက်ခံခြင်းများလည်း မပြုလုပ်နိုင်တော့ကြောင်း အဆိုပါအကြမ်းဖက်သမားများအား ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ပေးရန် လိုလားလျက်ရှိကြောင်း သိရှိရပါသည်။

        အဆိုပါအကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပျက်စီးလျက်ရှိသော တာဝါတိုင်များအား ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၉-၂၀၂၂)

  • အကြမ်းဖက်သမားများက ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာ၊ ပေါ်ဦးရပ်ကွက်အနီးရှိ ဓာတ်အားပေးတာဝါတိုင် ၁ ခုအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လောပိတ-တီကျစ်မဟာဓာတ်အားလိုင်း ဓာတ်အားပို့လွှတ်မှု ပြတ်တောက်လျက်ရှိ။

Add new comment