ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးဆောင်ရွက်

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသည် စက်တင်ဘာလ ၆ ရက်တွင် သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်နှင့် ဒေါက်တာကံဇော်တို့သည် Russia -ASEAN Business Dialogue သို့ တက်ရောက်ခဲ့ပါသည်။

         အဆိုပါ Business Dialogue ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်နယ်များပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ၏ အမှုဆောင်အရာရှိချုပ်နှင့် ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌဖြစ်သူ Mr. Ivan Polyakov က ဦးဆောင်ဆွေးနွေး၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့ကလည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်-

  • ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးလှမိုး၊ မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်နယ်များပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ အမှုဆောင်အရာရှိချုပ်နှင့် ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌဖြစ်သူ Mr. Ivan Polyakov နှင့်အဖွဲ့အား သီးခြားတွေ့ဆုံ၍ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာကိစ္စရပ်များအားလည်းကောင်း။
  • ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် Eastern Economic Forum-2022 ၏ Medical Panel Session ၌ ကျန်းမာရေးစနစ်တွင် တွေ့ကြုံရသော အခက်အခဲများနှင့် ထိုအခက်အခဲများ ကျော်ဖြတ်ရန် ကြိုးပမ်းမှုများ၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရရှိ နိုင်မည့်အခွင့်အလမ်းများ၊ တိုးတက်လာသော နည်းပညာများကိုသုံး၍ ရောဂါရှာဖွေရေး၊ ကင်ဆာရောဂါများကုသရေး၊ ကူးစက်မြန်ရောဂါများထိန်းချုပ်ရေးနှင့် အဆိုပါနည်းပညာများအား ဖွံ့ဖြိုးဆဲနိုင်ငံများကို မျှဝေနိုင်မည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း။
  • သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် Eastern Economic Forum-2022 ၏ Strategic Technical Alliance တွင် ပါဝင်တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ အလွန်ကာလ ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲသင့်သည့်အချက်များကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့။

      ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းသည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် Sputnik news agency နှင့် မြဝတီရုပ်မြင်သံကြားတို့အကြား နှစ်ဖက်သဘောတူညီမှုဆိုင်ရာစာချွန်လွှာတစ်ရပ်ကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၉-၂၀၂၂)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသည် သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့။
  • သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပြည်နယ်များပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ အမှုဆောင်အရာရှိချုပ်နှင့် ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌဖြစ်သူ Mr. Ivan Polyakov နှင့်အဖွဲ့အား သီးခြားတွေ့ဆုံ၍ ရုရှားနိုင်ငံနှင့်မြန်မာနိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။

Add new comment