ဖမ်းဆီးရမိသည့် အကြမ်းဖက်သမားများအား စစ်တရားရုံးဖြင့် စစ်ဆေးပြီး ပြစ်ဒဏ်အသီးသီးချမှတ်

အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေသူ များအား ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ပါသည်။

· ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ယမင်းထက်၊ အောင်နိုင်ဦး(ခ)အိုစမာနှင့် မျိုးမြင့်သန်း(ခ)အသေး လေး(ခ)လင်းယုန်နှင့် မြောက်ဥက္ကလာပမြို့နယ်နေ နန္ဒအောင်လင်း(ခ)လူးဝစ်၊ ဖြိုးကိုကိုစံ(ခ)ကိုပေါက်နှင့် နေအောင်လွင်(ခ)နေကြီး စုစုပေါင်း ၆ ဦးတို့သည် အကြမ်းဖက် မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေငြာထားသည့်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံထောက်ပံ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း လက်နက်နှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက်ရောက်ခဲ့ခြင်း၊ ရန်ကုန် တိုင်းဒေသကြီးအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်လုပ်ဆောင်ခဲ့ခြင်း၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့ ဆက်ကြေးတာဝန်ခံအဖြစ် လုပ်ကိုင်ခဲ့ခြင်း၊ လက်နက်/ခဲယမ်းများ ရောင်းဝယ်ခြင်း၊ လက်ဝယ်ကိုင်ဆောင်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့်  အတွက်ကြောင့်လည်းကောင်း။

· အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်နေ ထက်ရှား(ခ) ဘာဘာ၊ ဝင်းသူရ(ခ)သူရနှင့် ဒလမြို့နယ်၊ အန်ကြီးအရှေ့ ရပ်ကွက်နေ ခန့်ဝင်းထွန်း(ခ)ကျော်ကျော်တို့ ၃ ဦးသည် ဆက်သွယ်ရေးတာဝါတိုင်များ၊ စာသင်ကျောင်းများ၊ အစိုးရ ရုံး/ဌာနများနှင့် စက်ရုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့်လည်းကောင်း။

· အထက်ပါတရားခံ ၉ ဦးတို့အား စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)၊ ၅၀ (က)နှင့် ၅၀(ည)တို့အရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ်တစ်သက် ” ပြစ်ဒဏ်အား အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများ ကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက်ရောက်ခဲ့ခြင်း၊ အစိုးရရုံး/ဌာန များနှင့် စက်ရုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား သတ်ဖြတ်ခြင်း များနှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲပြောဆိုသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သူ ၉ ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ဈ)၊ ၅၀ (က)နှင့် ၅၀(ည)တို့အရ “ထောင်ဒဏ်တစ်သက် ” ပြစ်ဒဏ် အမိန့်ချမှတ်ခဲ့။