ယူနန်ပြည်နယ်၊ တယ်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံအကြား ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေး

     တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံအကြား ရှိရင်းစွဲ ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တယ်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း(နေပြည်တော်)မှ ညွှန်ကြားရေးမှူး Mr. Li Qigui တို့သည် စက်တင်ဘာလ ၂ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ပါသည်။

     တွေ့ဆုံစဉ် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးပွဲတော်များ ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ပူပေါင်းဖွင့်လှစ်ရေး၊ ယူနန်ပြည်နယ်မန်စီမှ မန္တလေးနှင့်ရန်ကုန်သို့ ပျံသန်းခဲ့သည့် စင်းလုံးငှားလေယာဉ်ခရီးစဉ်များ ပြန်လည်စတင်နိုင်ရေး၊ တရုတ်-မြန်မာနှစ်နိုင်ငံအကြား ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေး၊ ဘာသာစကားသင်တန်းများ ဖွင့်လှစ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

      ပြည်ပခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးတက်ဝင်ရောက်လာရေးအတွက် ခရီးသွားဈေးကွက်ပိုမိုရရှိရန် ကြိုးပမ်းအကောင်အထည်ဖော်ရာတွင် တရုတ်ခရီးသွားဈေးကွက်သည် ကမ္ဘာ့ Outbound ခရီးသွားဈေးကွက်၏ မောင်းနှင်အားတစ်ခုအဖြစ် ရှိနေကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တရုတ်ခရီးသွား ၁၅၅ သန်းခန့် ကမ္ဘာနှင့်အဝန်း ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်မှု အများဆုံးအနေအထားတွင် ရှိခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည် ၁ ဒသမ ၄ သန်းကျော် ဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၉-၂၀၂၂)

  • ပြည်ထောင်စုဝန်ကြီးနှင့် တယ်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း(နေပြည်တော်)မှ ညွှန်ကြားရေးမှူးတို့တွေ့ဆုံ၍ တယ်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံအကြား ရှိရင်းစွဲခရီးသွားလာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား ဆွေးနွေးခဲ့။

Add new comment