မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများအား ဖမ်းဆီးအရေးယူခြင်းမပြုဘဲ ခြိမ်းခြောက်ငွေကြေး တောင်းယူခဲ့သူတို့အား ဖမ်းဆီးအရေးယူ

       မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရေးလုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အကျင့်ပျက်ဝန်ထမ်းအချို့နှင့် မသမာသူများက မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ်သူများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ အယောင်ဆောင်၍ ဥပဒေနှင့်အညီ အရေးယူခြင်းမရှိဘဲ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက အသွင်ယူစုံစမ်း၊ ထောက်လှမ်း၊ စောင့်ဆိုင်းဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိပါသည်။

         ဩဂုတ်လ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ရေတာရှည်လမ်းဟောင်း၌ ငွေကြေးခြိမ်းခြောက်တောင်းခံသူများဖြစ်သည့် တင်ဝင်းအောင်(ခ)တင်ကြီး(၂၈)နှစ်နှင့် မင်းအောင်(ခ)အောင်ထက်မြတ်(၂၈)နှစ်တို့ ၂ ဦးအား လည်းကောင်း၊ ရန်ကင်းမြို့နယ်၊ “Real Link” Hotel ၌ ဗဟန်းမြို့နယ်နေ နိုင်လင်းအောင်(ခ)ဝဏ္ဏ(၂၅)နှစ်နှင့် ဥက္ကာမင်း(ခ) လင်းသန့်ဦး(၂၄)နှစ်၊ ရန်ကင်းမြို့နယ်နေသူများဖြစ်သည့် ခိုင်မျိုးဝင်း(ခ)ဘုန်းလူ(၂၇)နှစ်နှင့် ရဲတပ်သားအဆင့်မှ ရဲပြေးအဖြစ်ကြေငြာခံထားရသူ ဝေဖြိုးထွန်း(ခ)ဝေဖြိုး(၂၇)နှစ်တို့အားလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းချသူများထံမှ ခြိမ်းခြောက်ငွေကြေးတောင်းခံရာတွင် ၎င်းတို့နှင့်အတူ ဗဟန်းမြို့မရဲစခန်းမှ ရဲတပ်သား ၄ ဦးနှင့် ကမာရွတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား ၂ ဦးတို့ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြကြောင်း သိရှိရသဖြင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။

            ဖမ်းဆီးရမိသူ ၆ ဦး၏ ထွက်ဆိုချက်အရ-

  • ၎င်းတို့သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဗဟန်းမြို့နယ်ရှိ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချသူ (၂) ဦး(စိစစ်ဆဲ)နှင့် ဟိုတယ်ပိုင်ရှင်တစ်ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၉၅ သိန်းအား လည်းကောင်း၊
  • ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် တာမွေမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်ရှိ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချသူ (၃) ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၂၆၄ သိန်းအား လည်းကောင်း၊
  • ဇူလိုင်လတွင် မရမ်းကုန်းမြို့နယ် “ကာဆာ KTV” ဆိုင်ရှေ့နှင့် ဗဟန်းမြို့နယ် “Jinkidf” စားသောက်ဆိုင် ကားပါကင်၌ မူးယစ်ဆေးဝါးသုံးစွဲသူ (၂) ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၉၀ သိန်းအား လည်းကောင်း၊
  • ဩဂုတ်လတွင် ရန်ကုန်မြို့ရှိ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချသူ (၇) ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၂၅၈ သိန်း ၃ သောင်းကျပ်အား လည်းကောင်း၊ စုစုပေါင်းငွေကျပ် ၇၀၇ သိန်း ၃ သောင်းကျပ်အား ခြိမ်းခြောက်တောင်းခံခဲ့ကာ ရရှိသည့်ငွေများအား ခွဲဝေသုံးစွဲခဲ့ကြကြောင်း။
  • ခြိမ်းခြောက်ငွေတောင်းခံမှုများတွင် ဥက္ကာမင်း(ခ)လင်းသန့်ဦး၊ ရဲတပ်သားအဆင့်မှ ရဲပြေးကြေငြာခြင်းခံထားရသူ ဝေဖြိုးထွန်း(ခ)ဝေဖြိုးနှင့် နိုင်လင်းအောင်(ခ)ဝဏ္ဏတို့ ၃ ဦးက ဦးဆောင်ကျူးလွန်ခဲ့ကြကာ ကျန်တရားခံများကလဲး ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။

       ထိုသို့ မူးယစ်ဆေးဝါးနှင့်ပတ်သက်သူများထံမှ ငွေကြေးများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ အယောင်ဆောင်ကာ ဖမ်းဆီး၊ ခြိမ်းခြောက်ငွေတောင်းခံခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် ရဲပြေး ၁ ဦးတို့အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့် နယ်ဘက်ဆိုင်ရာ ရာဇသတ်ကြီးဥပဒေအရ လည်းကောင်း၊ ဥက္ကာမင်း(ခ)လင်းသန့်ဦးပါ  ၅ ဦးအား ရာဇသတ်ကြီးဥပဒေအရလည်းကောင်း ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၉-၂၀၂၂)

  • ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ငွေကြေးခြိမ်းခြောက်တောင်းခံသူများဖြစ်သည့် အမျိုးသား ၅ ဦး၊ ရဲပြေး ဦးနှင့် ပူးပေါင်းကျူးလွန်သူ ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့အား ဖမ်းဆီးအရေးယူခဲ့။
  • ဖမ်းဆီးရမိသူ ၆ ဦးသည် စုစုပေါင်းငွေကျပ် ၇၀၇ သိန်း ၃ သောင်းကျပ်အား ခြိမ်းခြောက်တောင်းခံခဲ့ကာ ရရှိသည့်ငွေများအား ခွဲဝေသုံးစွဲခဲ့ကြကြောင်း၊ ခြိမ်းခြောက်ငွေတောင်းခံမှုများတွင် ဥက္ကာမင်း(ခ)လင်းသန့်ဦး၊ ရဲတပ်သားအဆင့်မှ ရဲပြေးကြေငြာခြင်းခံထားရသူ ဝေဖြိုးထွန်း(ခ)ဝေဖြိုးနှင့် နိုင်လင်းအောင်(ခ)ဝဏ္ဏတို့ ၃ ဦးက ဦးဆောင်ကျူးလွန်ခဲ့ကြကာ ကျန်တရားခံများကလဲ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရ။

Add new comment