ဖျာပုံနှင့် မအူပင်မြို့နယ်များ၌ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

          အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင်အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

 

          ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်တွင် ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာအနီးရှိ KM စားသောက်ဆိုင်သို့ အကြမ်းဖက်သမား ၄ ဦးရောက်ရှိလာပြီး အပြစ်မဲ့ပြည်သူအမျိုးသမီး ၂ ဦးအား ဒလန်ဟုစွပ်စွဲကာ ပစ္စတိုဖြင့်ပစ်ခတ်၍ ရွှေထည်ပစ္စည်းအချို့အား လုယက်ယူဆောင်သွားခဲ့ပြီး ၎င်းတို့၏ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

          သို့ဖြစ်၍ အထက်ပါဖြစ်စဉ်၌ ပါဝင်ကျူးလွန်ခဲ့သည့် Black Dragon Force Pyapon- BDFP အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ကောင်းစည်သူ၊ အောင်မိုးမြင့်(ခ)အေးမင်းသူ၊ သိမ်တြာလှိုင်၊ စံလင်းစံ၊ တီးတီး(ခ)ကိုကိုအောင်၊ ဟိန်းသူလွင်(ခ)သာကဒိုး၊ ဇော်မင်းသူ(ခ)မက်စီ၊ ကျော်သူရ၊ ကျော်ဇော်ဦး၊ ဝင်းမြတ်သိန်းဇော်၊ စိုင်းနိုင်(ခ)လက်ယာ၊ မျိုးမင်းဦး၊ ဝေဖြိုးအောင်၊ သူရဦး၊ ငြိမ်းချမ်း၊ ကျော်ဆန်းဦး၊ သူရဖြိုး(ခ)ဝတုတ်၊ ရဲဇော်ထက်(ခ)မောင်မောင်နှင့် ထွန်းထွန်းဦး(ခ)စနေတို့အား ပစ္စတို ၄ လက်၊ ကျည်မျိုးစုံ ၁၉၈ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၂ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ၊ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူအမျိုးသမီး ၂ ဦး၏ အမည်ပါရှိသော ကျောင်းသားကတ် ၁ ခု၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ ဆွဲကြိုး ၁ ကုံး၊ ဟန်းချိန်း ၁ ခု၊ လက်ပတ်နာရီ ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

          ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ-

  • ဖမ်းဆီးရမိတရားခံများသည် KNLA တပ်မဟာ(၇)တွင် ဖွင့်လှစ်သင်ကြားပေးသည့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများတွင် တက်ရောက်ခဲ့ကြောင်း။
  • ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် Black Dragon Force Pyapon-BDFP အမည်ခံ အကြမ်းဖက်အဖွဲ့အား တရားခံ ဝဏ္ဏထွန်းနှင့် စံလင်းစံ(ဖမ်းဆီးရန်ကျန်)တို့ ခေါင်းဆောင်၍ ၁၅ ဦးဖြင့်လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် မအူပင် PDF အမည်ခံအကြမ်းဖက်အဖွဲ့အား စိုင်းနောင်(ခ)လက်ယာနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကိုလင်း(ခ)လက်ဝဲတို့ခေါင်းဆောင်၍ ၁၄ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ကြောင်း စစ်ဆေးသိရှိရပါသည်။

          Black Dragon Force Pyapon-BDFP နှင့် မအူပင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍-

  • ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် ဖျာပုံမြို့ရှိ အခွန်ဦးစီးရုံးနှင့် အမှတ်(၄)ရပ်ကွက်ရှိ ရစဖမှူး ၁ ဦး၏ နေအိမ်တို့အားလည်းကောင်း၊
  • ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်တွင် ဖျာပုံမြို့၊ အမှတ်(၁၆)ရပ်ကွက်ရှိ Mytel တာဝါတိုင်စက်ခန်းအားလည်းကောင်း၊
  • ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် ဖျာပုံမြို့တွင်းရှိ ယာဉ်ထိန်းရဲကင်းရုံနှင့် အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးရုံးရှေ့တို့အားလည်းကောင်း၊
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ဖျာပုံမြို့၊ အမှတ်(၁၆)ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးအားလည်းကောင်း လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲခဲ့ကြောင်း။
  • ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် ဖျာပုံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အပြစ်မဲ့ပြည်သူအမျိုးသား ၁ ဦး၊
  • ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် မအူပင်မြို့၊ အမှတ်(၁၀)ရပ်ကွက်နေ အပြစ်မဲ့ပြည်သူအမျိုးသား ၁ ဦး၊  
  • ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် မအူပင်မြို့နယ်၊ မလက်တိုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁ ဦး၊
  • ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျုံကျိုက်ကျေးရွာရှိ ရစဖမှူးနှင့် ဇနီး၊
  • ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်တွင် မအူပင်မြို့နယ်၊ ခွာလေးကျွန်းကျေးရွာနေ အပြစ်မဲ့ပြည်သူအမျိုးသား ၁ ဦး၊
  • ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်တွင် ဖျာပုံမြို့နယ်ရှိ KM စားသောက်ဆိုင်တွင် အပြစ်မဲ့ပြည်သူအမျိုးသမီး ၂ ဦးတို့အား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
  • အဆိုပါ အကြမ်းဖက်သမားများသည် ဖောက်ခွဲတိုက်ခိုက်မှု ၆ ကြိမ်နှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခဲ့မှု ၆ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

          ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ပူးပေါင်းတိုက်ဖျက်ကြရန်နှင့် သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား လျှို့ဝှက်၍ ထိုက်တန်စွာဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားရှိပါသည်။                                

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၉-၂၀၂၂)

  • တရားခံ ကျား ၁၈ ဦး၊ မ ၁ ဦး၊ စုစုပေါင်း ၁၉ ဦးတို့အား ပစ္စတို ၄ လက်၊ ကျည်မျိုးစုံ ၁၉၈ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၂ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ၊ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူအမျိုးသမီး ၂ ဦး၏ အမည်ပါရှိသော ကျောင်းသားကတ် ၁ ခု၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ ဆွဲကြိုး ၁ ကုံး၊ ဟန်းချိန်း ၁ ခု၊ လက်ပတ်နာရီ ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
  • Black Dragon Force Pyapon-BDFP နှင့် မအူပင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ ဖောက်ခွဲတိုက်ခိုက်မှု ၆ ကြိမ်၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခဲ့မှု ၆ ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရ။

Add new comment