နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်၍ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအားလုံးကို ကြိုတင်ကန့်သတ်ချက်မထားရှိဘဲ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ထားရှိပါသည်။ ထို့သို့ဖိတ်ခေါ်ခဲ့မှုကြောင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့ဖြင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း ဒုတိယအကြိမ်အဖြစ် အချို့တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပါသည်။
ထိုကဲ့သို့ ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် AA အဖွဲ့အနေဖြင့် နိုင်ငံတော်၏ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လျစ်လျူရှု၍ မြန်မာ-ဘင်္ဂလား ဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးနှင့် မှောင်ခိုပစ္စည်းများအပါအဝင် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်ရန်နှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုများ ပျက်ပြားစေရန်ရည်ရွယ်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့များအား ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၃၁ ရက်တွင် နှစ်နိုင်ငံနယ်ခြားမှတ်တိုင်အမှတ် ဘီပီ- ၄၀ ရှိ အင်အားအနည်းငယ်သာရှိသော နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းအား သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့များက ရဲဝံ့စွန့်စားစွာ ခုခံတိုက်ခိုက်ခဲ့သော်လည်း AA အဖွဲ့၏ မတန်တဆများပြားသော အင်အားအလုံးအရင်းဖြင့် အလစ်အငိုက် ရယူတိုက်ခိုက်ခဲ့ခြင်းကြောင့် စခန်းအား လက်လွတ်ဆုံးရှုံးခဲ့ရပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ကျဆုံးခဲ့ရပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အဘက်ဘက်မှ ကြိုးပမ်းနေစဉ်ကာလအတွင်း AA အဖွဲ့သည် နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ယခုကဲ့သို့ ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်လာမှုနှင့်ပတ်သက်၍ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားကာ ရရှိထားသော တည်ငြိမ်အေးချမ်းမှု ထိခိုက်ပျက်ပြားမည်ကို စိုးရိမ်ထိတ်လန့်လျက်ရှိပါသည်။
အဆိုပါစခန်းအား ပြန်လည်သိမ်းပိုက်ရရှိရေး စစ်ကူ၊ ပစ်ကူရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၉-၂၀၂၂)
- AA အဖွဲ့သည် နိုင်ငံတော်၏ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လျစ်လျူရှု၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမှတ်တိုင်အမှတ်ဘီပီ-၄၀ ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းအား သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ကျဆုံးခဲ့ရပြီး စခန်းအား လက်လွတ်ဆုံးရှုံးခဲ့။
- AA အဖွဲ့သည် နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ အတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ယခုကဲ့သို့ ရက်စက်စွာတိုက်ခိုက်သတ်ဖြတ်လာမှုနှင့်ပတ်သက်၍ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားကာ ရရှိထား သောတည်ငြိမ်အေးချမ်းမှု ထိခိုက်ပျက်ပြားမည်ကို စိုးရိမ်ထိတ်လန့်လျက်ရှိ။
Add new comment