ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား United Info-Sec ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်စွာမင်းနှင့်အဖွဲ့က စက်တင်ဘာလ ၁ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပြီး Mtube Video Sharing and Live Streaming Platform နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက-
- ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ အသိပညာပေးရန်ဆိုသည့် တာဝန် (၃)ရပ်ကို ခေတ်နှင့်လျော်ညီစွာ ပြောင်းလဲဆောင်ရွက်လျက်ရှိပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအား Channel များ တိုးချဲ့ထုတ်လွှင့်နေသကဲ့သို့ Online အသုံးပြု၍လည်း မီဒီယာလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း။
- မိမိတို့၏ သတင်းထုတ်ပြန်ရေးလုပ်ငန်းများအတွက် MRTV Application ကို ရေးဆွဲဆောင်ရွက်ခဲ့သော်လည်း နည်းမျိုးစုံဖြင့် ဖြုတ်ချခံခဲ့ရသည့်အတွက် ပြည်သူ များ၏ သတင်းအချက်အလက်သိရှိပိုင်ခွင့်ကို ဖျက်ဆီးလျက်ရှိသည်ဟု ဆိုနိုင် ကြောင်း။
- မိမိတို့ဝန်ကြီးဌာနအနေဖြင့် မည်သို့ပင် အခက်အခဲရှိသည်ဖြစ်စေ သတင်းမှားများ တိုက်ဖျက်ရေးနှင့် သတင်းမှန်များ ထုတ်ပြန်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
- ယနေ့အချိန်တွင် Social Media Platform များပေါ်တွင် မိမိတို့ထုတ်ပြန်သည့် သတင်းများကို နည်းပညာအားကိုးကာ ကန့်သတ်ခြင်း၊ ဖြုတ်ချခြင်း စသည်ဖြင့် အနိုင်ကျင့်ဆောင်ရွက်လျက်ရှိသည်ကို ကြုံတွေ့နေရသည့်အတွက် Youtube ကဲ့သို့ အသုံးပြုနိုင်သော Mtube Live Streaming Platform တစ်ခုကို ယခုကဲ့သို့ တီထွင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း။
- ယနေ့အချိန်တွင် ပြည်ပမီဒီယာများ၊ ကျင့်ဝတ်သိက္ခာမဲ့သော မီဒီယာများက သတင်းမှားများထုတ်ပြန်၍ ပြည်သူများအားမှိုင်းတိုက်နေသဖြင့် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် သတင်းမှားများအပေါ် နည်းမျိုးစုံဖြင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိ ကြောင်း ဆွေးနွေးပြောကြားခဲ့။
United Info-Sec ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်စွာမင်းက Mtube Video Sharing and Live Streaming Platform နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ United Info-Sec ကုမ္ပဏီမှ ဒါရိုက်တာနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၉-၂၀၂၂)
- Social Media Platform များပေါ်တွင် မိမိတို့ထုတ်ပြန်သည့် သတင်းများကို နည်းပညာအားကိုးကာ ကန့်သတ်ခြင်း၊ ဖြုတ်ချခြင်း စသည်ဖြင့် အနိုင်ကျင့်ဆောင်ရွက်နေသည့်အတွက် Youtube ကဲ့သို့အသုံးပြုနိုင်သော Mtube Live Streaming Platform တစ်ခုကို တီထွင်ဆောင်ရွက်ခြင်းပင်ဖြစ်။
- ယနေ့အချိန်တွင် ပြည်ပမီဒီယာများ၊ ကျင့်ဝတ်သိက္ခာမဲ့သော မီဒီယာများက သတင်းမှားများထုတ်ပြန်၍ ပြည်သူများအား မှိုင်းတိုက်နေသဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် သတင်းမှားများအပေါ် နည်းမျိုးစုံဖြင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိ။
Add new comment