၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်တွင် ဖျာပုံမြို့နယ်၊ ဂယက်ကြီးကျွန်း(ခ)ခတ္တာကျွန်းအနီး၌ ခိုးဝင်ဘင်္ဂါလီများ တင်ဆောင်လာသည့် ရေယာဉ် ၁ စီး ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ကျော်ဇောလင်း (၃၇) နှစ်၊ စက်လှေမောင်း၊ မျိုးချစ်ဦး (၁၈) နှစ်၊ လှေလုပ်သား၊ သန်းဝင်း (၃၅) နှစ်၊ လှေလုပ်သား၊ မြင့်ရွှေ (၅၂) နှစ်၊ လှေလုပ်သား ၄ ဦးတို့နှင့်အတူ ခိုးဝင်ဘင်္ဂါလီ အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း ၆၅ ဦးတို့ပါရှိသည့် ငါးဖမ်းစက်လှေ ၁ စီးအား ဖမ်းဆီးရမိခဲ့ပါသည်။
စက်လှေမောင်းသူ ကျော်ဇောလင်းအား စစ်ဆေးမေးမြန်းခဲ့ရာ-
- ၎င်းသည် စစ်တွေမြို့နေ ဦးစီမန်(စိစစ်ဆဲ)နှင့် ချိတ်ဆက်ပြီး ဘင်္ဂါလီလူမျိုး ၆၅ ဦးတို့အား စစ်တွေမြို့မှ ပုသိမ်မြို့သို့ စက်လှေဖြင့် ပို့ဆောင်ရန် ငွေကျပ်သိန်း ၂၀၀ ဖြင့် သဘောတူပြီး စရံငွေစက်လှေငှားရမ်းခ ၂၅ သိန်းအား ဦးစီမန်မှ ပေးခဲ့ကြောင်း။
- ဩဂုတ်လ ၂၂ ရက်တွင် စစ်တွေမြို့မဈေးဆိပ်ကမ်း၌ ဘင်္ဂါလီလူမျိုး ၆၅ ဦး တို့အား သယ်ဆောင်ကာ စစ်တွေမှ ပင်လယ်ပြင်အတိုင်း ကျောက်ဖြူ-မန်အောင်-ငပလီ-သံတွဲတို့ကို ဖြတ်သန်းမောင်းနှင်ပြီး ရွှေသောင်ယံအနီး ပင်လယ်ပြင်တွင် ကျောက်ချရပ်နားခဲ့ကြောင်း။
- ဩဂုတ်လ ၂၅ ရက်တွင် ဦးစီမန်မှ ဖုန်းဆက်ကာ ရွှေသောင်ယံတွင် ကမ်းကပ်၍ မရသဖြင့် GPS ဖြင့် ပွိုင့် ၇ ပွိုင့်ပေးပြီး မောင်းနှင်ခိုင်းခဲ့ရာ ဩဂုတ်လ ၂၆ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ကဒုံကနိ၊ ကျွန်းသာယာအနီး ပင်လယ်ပြင်တွင် ကျောက်ချရပ်နားပြီး ၎င်းစေလွှတ်သည့်အဖွဲ့အား စောင့်ဆိုင်းနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဖမ်းဆီးရမိတရားခံတို့အား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူနိုင်ရေး ခေတ္တထိန်းသိမ်းထားရှိစဉ် ခိုးဝင်ဘင်္ဂါလီ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၈ ဦးတို့သည် ၎င်းတို့ ခိုးဝင်လာသည့် လမ်းခရီးတွင် ရာသီဥတုဆိုးရွားမှုနှင့် အစာရေစာပြတ်လတ်မှုတို့ကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားနေသဖြင့် လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သော်လည်း အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး သေဆုံးသွားခဲ့ပြီး ကျန်ရှိသူ ၆ ဦးအား ဆက်လက်ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၉-၂၀၂၂)
- ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၌ ခိုးဝင်ဘင်္ဂါလီ ၆၅ ဦးနှင့် ပို့ဆောင်ပေးသူ အမျိုးသား ၄ ဦး တို့အား ဖမ်းဆီးရမိခဲ့။
- ခိုးဝင်ဘင်္ဂါလီ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၈ ဦးတို့သည် ၎င်းတို့ခိုးဝင်လာသည့် လမ်းခရီးတွင်ရာသီဥတုဆိုးရွားမှုနှင့် အစာရေစာပြတ်လတ်မှုတို့ကြောင့် ကျန်းမာရေး အခြေအနေဆိုးရွားနေသဖြင့် လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့သော်လည်း အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ သေဆုံးသွားခဲ့ပြီး ကျန်ရှိသူ ၆ ဦးအား ဆက်လက်ဆေးဝါးကုသပေးလျက်ရှိ။
Add new comment