ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် စပိန်နိုင်ငံအခြေစိုက် Lumbini Garden Foundation မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

     စပိန်နိုင်ငံအခြေစိုက် Lumbini Garden Foundation ၏ ဥက္ကဋ္ဌ Mr. Jose Maunel Vilanova Aleman ဦးဆောင်သောအဖွဲ့သည် ဗုဒ္ဓဘာသာအခြေခံသော အာရှ-ဥရောပခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စပိန်နိုင်ငံတွင်ဆောင်ရွက်မည့် The Great Maha Karuna စီမံကိန်းနှင့်စပ်လျဉ်းပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်ကို ဩဂုတ်လ ၃၀ ရက်တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံခဲ့ရာ  Mr. Jose Maunel Vilanova Aleman က

  • စီမံကိန်းတွင် စပိန်နိုင်ငံ၊ Caceres မြို့၌ အမြင့် ၄၇ မီတာရှိ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်အပါအဝင် နီပေါ၊ သီရိလင်္ကာ၊ မြန်မာ၊ ဘူတန်၊ ထိုင်းစသည့် ဗုဒ္ဓဘာသာနိုင်ငံများရှိ အထင်ကရစေတီပုထိုးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် အသုံးအဆောင်များကို တည်ဆောက်သွားမည်ဖြစ်ပါကြောင်း။

  • မြန်မာနိုင်ငံကဲ့သို့ ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံရှိ ဘုရားပုထိုးစေတီများ၊ သာသနိကအဆောက်အအုံများအား စပိန်နိုင်ငံတွင် တည်ဆောက်ပြသခွင့်ရရှိသည့်အတွက် မြန်မာနိုင်ငံအား ပိုမိုသိရှိလာစေမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုပါ မြှင့်တင်နိုင်ကြောင်း။

  • ယခုစီမံကိန်းအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံသည် အရေးပါသောအခန်းကဏ္ဍက ပါဝင်နေသည့်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ဆွေးနွေးပြောကြားရာတွင်-

  • မြန်မာနိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်ခြင်းဖြင့် တိုင်းပြည်၏အခြေအနေများကို သိမြင်ခွင့်ရရှိမည်ဖြစ်ရာ ယခုခရီးစဉ်၏ အတွေ့အကြုံကောင်းများအား စပိန်နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ တစ်ဆင့်စကား တစ်ဆင့်နားဆိုသည့် ခရီးသွားမြှင့်တင်ရေးဆောင်ပုဒ်အတိုင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးစေလိုကြောင်း။

  • မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဗုဒ္ဓဘာသာပြန့်ပွားရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့် ချစ်ကြည်ရေး ခိုင်မြဲတိုးတက်ရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

      စပိန်နိုင်ငံအခြေစိုက် Lumbini Garden Foundation သည် ဗုဒ္ဓဘာသာအခြေခံ၍ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်နိုင်ရန်၊ အထူးသဖြင့် ဗုဒ္ဓဘာသာကို ဥရောပနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ဗုဒ္ဓ၏အဆုံးအမများ၊ လမ်းညွှန်မှုများသည် ငြိမ်းချမ်းရေးအတွက် အရေးပါမှုကို အသိအမှတ်ပြုလာစေရန်ရည်ရွယ်၍ ဖွဲ့စည်းထားသောအဖွဲ့ ဖြစ်ပြီး အာရှ-ဥရောပခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၈-၂၀၂၂)

  • စပိန်နိုင်ငံတွင်ဆောင်ရွက်မည့် The Great Maha Karuna စီမံကိန်းတွင် စပိန်နိုင်ငံ၊ Caceres မြို့၌ အမြင့် ၄၇ မီတာရှိ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်အပါအဝင် နီပေါ၊ သီရိလင်္ကာ၊ မြန်မာ၊ ဘူတန်၊ ထိုင်းစသည့် ဗုဒ္ဓဘာသာနိုင်ငံများရှိ အထင်ကရစေတီပုထိုးများ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများနှင့် အသုံးအဆောင်များကို တည်ဆောက်သွားမည်ဖြစ်။

  • စီမံကိန်းအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံသည် အရေးပါသောအခန်းကဏ္ဍက ပါဝင်နေသည့်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း စပိန်နိုင်ငံအခြေစိုက် Lumbini Garden Foundation ၏ ဥက္ကဋ္ဌက ပြောကြားခဲ့။

  • ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ဗုဒ္ဓဘာသာပြန့်ပွားရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့် ချစ်ကြည်ရေး ခိုင်မြဲတိုးတက်ရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်။

Add new comment