အင်းစိန်ဗဟိုအကျဉ်းထောင်အား ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည့် တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

          ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့ ဆောင်ရွက်နိုင်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသောပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်အား ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည့် Special Operation Force-SOF အမည်ခံအကြမ်းဖက်အဖွဲ့မှ ထွန်းထွန်းဟန်(ခ)ဝသုန်အား KIA အဖွဲ့ထုတ် ၆၀ မမ စိန်ပြောင်း ၁ လက်နှင့်အတူ ဩဂုတ်လ ၂၃ ရက်တွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ မြို့ရှောင်လမ်း၊ ဘိုကလိုလမ်းသွယ်ရှိ STAR FAMILY တည်းခိုခန်း၌ ဖမ်းဆီးရမိခဲ့ပါသည်။

          ဖမ်းဆီးရမိတရားခံ ထွန်းထွန်းဟန်(ခ)ဝသုန်၏ ထွက်ဆိုချက်အရ-

  • ဩဂုတ်လ ၂၄ ရက်တွင် ကျိုက်မရောမြို့နယ်၌ တရားခံ ၂ ဦးနှင့် မြောက်ဥက္ကလာပမြို့နယ်၌ တရားခံ ၂ ဦးအား ဖမ်းဆီးရမိခဲ့။
  • ဩဂုတ်လ ၂၅ ရက်တွင် အင်းစိန်မြို့နယ်၌ တရားခံ ၁ ဦးအား ဖမ်းဆီးရမိခဲ့။
  • ဩဂုတ်လ ၂၆ ရက်တွင် အင်းစိန်မြို့နယ်၌ သံသယတရားခံ ၂ ဦးအား ဖမ်းဆီးရမိခဲ့။
  • ဖြစ်စဉ်တွင် တရားခံကျား ၇ ဦး၊ မ ၁ ဦး၊ စုစုပေါင်း တရားခံ ၈ ဦးတို့အား ၆၀ မမစိန်ပြောင်း ၁ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့။

          ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ-

  • ထွန်းထွန်းဟန်(ခ)ဝသုန်နှင့် အောင်ဇော်မြင့်(ခ)စစ်နိုင်တို့သည် KNLA တပ်မဟာ(၆)တွင်လည်းကောင်း၊ ပြည့်ဖြိုးပိုင်နှင့် မျိုးဇော်လင်းတို့သည် KNLA တပ်မဟာ(၇)တွင်လည်းကောင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ အသီးသီးတက်ရောက်ခဲ့ကြောင်း။
  • Special Operation Force (SOF) အမည်ခံ အကြမ်းဖက်အဖွဲ့အား ၂၀၂၂ ခုနှစ်၊ မေလတွင် NLD ပါတီမှ သန်လျင်မြို့နယ်လူငယ်တာဝန်ခံ၊ တရားခံပြေး ဝင်းကို(ခ)စံရှားမှ ခေါင်းဆောင်၍ အဖွဲ့ဝင် ၄၉ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း။
  • SOF အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် သူရိန်ခေါင်းဆောင်သော ၁၀ ဦးဖြင့် လည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် သွေးအေး ခေါင်းဆောငသော ၁၀ ဦးဖြင့် လည်းကောင်း၊ ဒလမြို့နယ်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကျော်ကြီး(ခ)RC ခေါင်းဆောင်သော ၁၀ ဦးဖြင့်လည်းကောင်း၊ အင်းစိန်မြို့နယ်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် နိုဗာ ခေါင်းဆောင်သော ၁၀ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရ။
  • ဩဂုတ်လ ၂၂ ရက်တွင် SOF အမည်ခံအကြမ်းဖက်အဖွဲ့မှ ထွန်းထွန်းဟန်(ခ)ဝသုန်၊ အောင်ဇော်မြင့်(ခ)စစ်နိုင်၊ ပြည့်ဖြိုးပိုင်နှင့် မျိုးဇော်လင်းတို့သည် တရားခံပြေး ဝင်းကို(ခ)စံရှား၏ စေခိုင်းချက်အရ အင်းစိန်မြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ ဘောလုံးကွင်းသို့သွားရောက်၍ အင်းစိန်ဗဟိုအကျဉ်းထောင်ရှိရာဘက်သို့ ၆၀ မမ စိန်ပြောင်းဖြင့် ဗုံးသီး ၃ လုံးအား ပစ်ခတ်ခဲ့ကြောင်း။
  • ထိုသို့ပစ်ခတ်ခဲ့သောကြောင့် တရားခံပြေး ဝင်းကို(ခ)စံရှားမှ တစ်ဦးလျှင် ငွေကျပ် ၂ သိန်းအား K Pay မှတစ်ဆင့် လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရ။

          SOF အမည်ခံအကြမ်းဖက်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်ပါအတိုင်း ဖောက်ခွဲတိုက်ခိုက်မှု ၂ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

  • ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ကမာရွတ်မြို့နယ်၊ အင်းလျားလမ်းပေါ်ရှိ ဇော်ဂျီလမ်းလုံခြုံရေးဂိတ်အား လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် လှိုင်မြို့နယ်၊ ဘူတာရုံအနီးရှိ ရထားလမ်းလွှဲပြုလုပ်သော Control Box အား လက်လုပ်မိုင်း ၂ လုံးဖြင့် ပစ်ခတ် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း။

          သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၈-၂၀၂၂)

  • အင်းစိန်ဗဟိုအကျဉ်းထောင်အား ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည့် တရားခံ ၈ ဦးအား ၆၀ မမ စိန်ပြောင်း ၁ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့
  • ထိုသို့ပစ်ခတ်ခဲ့သောကြောင့် ဖမ်းဆီးရန်ကျန် သန်လျင်မြို့နယ်၊ NLD ပါတီ လူငယ်တာဝန်ခံ တရားခံပြေး ဝင်းကို(ခ)စံရှားမှ တစ်ဦးလျှင် ငွေကျပ် ၂ သိန်းအား K Pay မှတစ်ဆင့် လွှဲပြောင်းပေးခဲ့။
  • SOF အမည်ခံအကြမ်းဖက်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖောက်ခွဲတိုက်ခိုက်မှု ၂ ကြိမ် ကျူးလွန်ခဲ့။

Add new comment