နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းတို့ ဦးဆောင် သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ဩဂုတ်လ ၂၂ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
- စစ်မှန်သည့်ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ။
- ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ယခုထက်ပိုမိုပါဝင်လာရန်လိုအပ်သည့်အခြေအနေများ။
- လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီအမျိုးအစားအလိုက် ဆောင်ရွက်နိုင်မည့်အခြေအနေများ။
- အမိနိုင်ငံတော်တည်းဟူသော အရိပ်အာဝါသအောက်တွင် အတူတကွပေါင်းစည်းနေ ထိုင်ကြသူများဖြစ်သဖြင့် ပြည်ထောင်စုဖွားတိုင်းရင်းသားများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပါက တစ်သွေးတစ်သားတည်း၊ တစ်စိတ်တစ်ဝမ်းတည်းဖြင့် စိတ်တူကိုယ်တူ သဘောထားတူညီစွာ အတူတကွလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများ။
- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တို့ကိုအခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များက-
- လက်နက်ကိုင်ပဋိပက္ခများ၊ သဘောထားကွဲလွဲမှုများဖြင့် ဒေသနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတည်ဆောက်၍ မရနိုင်သည်ကို နားလည်သဘောပေါက်၍ ငြိမ်းချမ်းမှု ရရှိပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများ။
- တိုင်းပြည်ငြိမ်းချမ်းရေးနှင့် နယ်မြေဒေသအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် ငြိမ်းချမ်းရေးဆိုင်ရာ လက်တွေ့တိုးတက်မှုတစ်ခုကို ပုံဖော်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သည့်အခြေအနေများ။
- ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ တိုင်းပြည်၊ ပြည်သူလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ်ထားရှိသော စစ်မှန်သည့်စေတနာကို ပိုမိုထင်ရှားစွာ သိမြင်လာစေရေးဆောင်ရွက်နေမှုများ။
- ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောထားတူညီ ချက်အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေချိန်အတွင်း တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများနှင့် တိုင်းရင်းသားဒေသများအနေဖြင့်လည်း အဆိုပါ အခွင့်အရေးကို အမိအရ ရယူပြီး အပြည့်အဝအသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်စေလိုသည့် အခြေအနေများ။
- တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ် ပြည်ထောင်စုနိုင်ငံတော်ကြီးကို ဖော်ဆောင်သွားနိုင်မည်ဖြစ်သည့်အခြေအနေများ။
- တိုင်းရင်းသားဒေသများဖွံ့ဖြိုးရေးအတွက် ငွေကျပ်ဘီလီယံ ၃၃၀ အား နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ခွင့်ပြုထားပြီး လက်တွေ့ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားကာ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုး ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြခဲ့ကြပြီး PNLO ဥက္ကဋ္ဌ ခွန်သူရိန်၊ LDU ဥက္ကဋ္ဌ ကျာဆော်လမွန်၊ ALP ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း တို့နှင့်အတူ PNLO ဒုတိယဥက္ကဋ္ဌ ခွန်ထွန်းတင်၊ LDU အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ALP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခိုင်စိုးမြတို့ တက်ရောက်ခဲ့ကြပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၈-၂၀၂၂)
- ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ယခုထက် ပိုမိုပါဝင်လာရန်လိုအပ်။
- အမိနိုင်ငံတော်တည်းဟူသော အရိပ်အာဝါသအောက်တွင် အတူတကွပေါင်းစည်းနေထိုင်ကြသူများဖြစ်သဖြင့် ပြည်ထောင်စုဖွားတိုင်းရင်းသားများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပါက တစ်သွေးတစ်သားတည်း၊ တစ်စိတ်တစ်ဝမ်းတည်းဖြင့် စိတ်တူကိုယ်တူ သဘောထားတူညီစွာ အတူတကွလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်။
- လက်နက်ကိုင်ပဋိပက္ခများ၊ သဘောထားကွဲလွဲမှုများဖြင့် ဒေသနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတည်ဆောက်၍ မရနိုင်သည်ကို နားလည်သဘောပေါက်၍ ငြိမ်းချမ်းမှု ရရှိပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေချိန်အတွင်း တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများနှင့် တိုင်းရင်းသားဒေသများအနေဖြင့်လည်း အဆိုပါ အခွင့်အရေးကို အမိအရ ရယူပြီး အပြည့်အဝအသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်စေလို။
- တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ပြည်ထောင်စုနိုင်ငံတော်ကြီးကို ဖော်ဆောင်သွားနိုင်မည်ဖြစ်။
Add new comment