ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဩဂုတ်လ ၂၂ ရက်တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီးနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၂,၁၅၂ ပင်၊ ပိတောက်ပင် ၁,၀၇၆ ပင်နှင့် အရိပ်ရလေကာပင် မန်ဂျန်ရှား ၈၀၇ ပင်၊ တမလန်းပင် ၂၆၉ ပင်၊ စုစုပေါင်း ၄,၃၀၄ ပင် အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်း ဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၈၁,၃၅၇ ပင်ကို စိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။

တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ တစ်ပြိုင်နက်တည်းကျင်းပ၍ တိုင်းမှူးများနှင့်တာဝန်ရှိသူများက ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်း သီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင် စုစုပေါင်း ၂၂၆,၃၆၆ ပင် စိုက်ပျိုးကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝန်း၌ စိုက်ပျိုးသည့် ၄,၃၀၄ ပင် အပါအဝင် တပ်မတော်တစ်ရပ်လုံးအနေဖြင့် စုစုပေါင်းသစ်ပင် ၂၃၀,၆၇၀ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။  (မြဝတီသတင်းစာ ၂၃-၈-၂၀၂၂)

  • ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၂,၁၅၂ ပင်၊ ပိတောက်ပင် ၁,၀၇၆ ပင်နှင့် အရိပ်ရလေကာပင် မန်ဂျန်ရှား ၈၀၇ ပင်၊ တမလန်းပင် ၂၆၉ ပင်၊ စုစုပေါင်း ၄,၃၀၄ ပင် အား စုပေါင်းစိုက်ပျိုးခဲ့ပြီး ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၈၁, ၃၅၇ ပင် စိုက်ပျိုးခဲ့ပြီးဖြစ်။
  • တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ တစ်ပြိုင်နက်တည်းကျင်းပ၍ စုစုပေါင်း ၂၂၆,၃၆၆ ပင် စိုက်ပျိုးကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်း၌စိုက်ပျိုးသည့် ၄,၃၀၄ ပင် အပါအဝင် တပ်မတော်တစ်ရပ်လုံးအနေဖြင့် စုစုပေါင်းသစ်ပင် ၂၃၀,၆၇၀ ပင်ကို စိုက်ပျိုးခဲ့။

Add new comment