ဩဂုတ်လ ၂၀ ရက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ရွာအနီးရှိ မော်လမြိုင်-မြဝတီဓာတ်အားလိုင်း ၂၃၀ ကေဗွီ တာဝါတိုင်အမှတ်၊ ၁၇၂ နှင့် တာဝါတိုင် အမှတ်၊ ၁၇၃ စသည့်ဓာတ်အားပေးတာဝါတိုင် ၂ ခု တို့အား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများသည် မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် တာဝါတိုင်အမှတ်၊ ၁၇၂ တွင် အောက်ခြေတိုင် ၁ တိုင်ပျက်စီးခဲ့ပြီး တာဝါတိုင်အမှတ်၊ ၁၇၃ သည် မြေပြင်တွင် လဲကျပျက်စီးခဲ့ကာ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ကော့ကရိတ်မြို့၊ မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့များတွင် ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း သိရှိရပါသည်။
PDF အကြမ်းဖက်သမားများအနေဖြင့် အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်သောပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၊ တယ်လီဖုန်းတာဝါတိုင်များနှင့် ဓာတ်အားပေးတာဝါတိုင်များအား မီးရှို့ ဖျက်ဆီးဖောက်ခွဲခြင်းဖြင့် အစိုးရယန္တရားရပ်တန့်စေရေးကို ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ခြင်းသည် အစိုးရအား တိုက်ရိုက်ထိခိုက်နစ်နာမှု အနည်းငယ်သာရှိသော်လည်း အမှန်တကယ် ထိခိုက်နစ်နာသည့် ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်မှုများအပေါ် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ အဆိုပါ အကြမ်းဖက်သမားများအား ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ပေးရန် လိုလားလျက်ရှိပါသည်။
အဆိုပါအကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပျက်စီးလျက်ရှိသော တာဝါတိုင်များအား ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၈-၂၀၂၂)
- ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ရွာအနီးရှိ ဓာတ်အားပေးတာဝါတိုင် ၂ ခု အား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဓာတ်အားပြတ်တောက်လျက်ရှိ။
Add new comment