မြန်မာနိုင်ငံအတွင်း ဒေသအချို့၌ ဩဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်/ ကျေးရွာများကို တပ်မတော်သားများက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ရေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
- ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ရပ်ကွက်အချို့တွင်လည်းကောင်း၊
- မွန်ပြည်နယ်အတွင်း ချောင်းဆုံမြို့နယ်နှင့် မုဒုံမြို့တို့ရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင်လည်းကောင်း၊
- ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင်လည်းကောင်း၊
- ရန်ကုန်တိုင်းဒေသကြီးအတွင်း မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တို့တွင် လည်းကောင်း၊
- ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျိုက်လတ်မြို့နယ်နှင့်ငပုတောမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်းကောင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးခြင်းခံခဲ့ရသဖြင့် တောင်ကမ်းပါးယံပြိုကျခြင်း၊ သစ်ပင်များလဲကျခြင်း၊ အဆောက်အဦ၊ လူနေအိမ်၊ ဈေးဆိုင်များပျက်စီးခြင်းနှင့် တံတားများပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းနှင့် ရေဘေးလွတ်ကင်းရာနေရာ များသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ပြိုကျပျက်စီးနေသော အဆောက်အဦအမိုးများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း၊ လဲကျခဲ့သည့်သစ်ပင်သစ်ကိုင်းများအား ဖယ်ရှားရှင်းလင်းခြင်းများနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၈-၂၀၂၂)
- ရေလွှမ်းမိုးခြင်းခံခဲ့ရသော ပြည်နယ် ၃ ခုနှင့် တိုင်းဒေသကြီး ၂ ခုအတွင်းရှိ မြို့နယ်အချို့တွင် တပ်မတော်သားများက ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းနှင့် ရေဘေး လွတ်ကင်းရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ပြိုကျပျက်စီးနေသော အဆောက်အဦအမိုးများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း၊ လဲကျခဲ့သည့်သစ်ပင်သစ်ကိုင်းများအား ဖယ်ရှားရှင်းလင်းခြင်းများနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့။
- သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။
Add new comment