ထူးခြားမိုးလေဝသ အခြေအနေသတင်းနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၁၈ ရက်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်ကာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဩဂုတ်လ ၁၈ ရက် နံနက် ၆ နာရီတွင် ထုတ်ပြန်ထားသည့် ထူးခြားမိုးလေဝသအခြေအနေသတင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနမှ ဌာနကြီးမှူးက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းအနီးတွင် လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေမှု၊ အဆိုပါလေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီး နောက်(၂၄)နာရီ အတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)မှ အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)  အဖြစ်သို့လည်းကောင်း၊ မုန်တိုင်းငယ် အဖြစ်သို့လည်ကောင်း ရောက်ရှိလာနိုင်ပြီး မြန်မာနိုင်ငံအပေါ် လက်ရှိသက်ရောက်နေမှုအခြေအနေများနှင့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိလာသည့်အခါ မြန်မာနိုင်ငံအပေါ် သက်ရောက်လာနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လေဖိအားနည်းရပ်ဝန်း ဦးတည်ရွေ့လျားနိုင်မည့် ခန့်မှန်းလမ်းကြောင်း၊ အားကောင်းလာနိုင်သည့်အခြေအနေ၊ ဘေးဖြစ်ပွားလာနိုင်ခြေရှိသည့်ဒေသများ၊ ထူးခြားမိုးလေဝသအခြေအနေများနှင့် စပ်လျဉ်း၍ စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေးနှင့် မြေပြင်နှင့်ချိတ်ဆက်၍ ပျက်စီးဆုံးရှုံးမှုများ လျော့နည်းနိုင်သမျှ လျော့နည်းနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။      

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၈-၂၀၂၂)

  • ပြည်ထောင်စုဝန်ကြီးက ထူးခြားမိုးလေဝသ အခြေအနေများနှင့် စပ်လျဉ်း၍ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရေးနှင့် မြေပြင်နှင့်ချိတ်ဆက်၍ ပျက်စီးဆုံးရှုံးမှုများ လျော့နည်းနိုင်သမျှ လျော့နည်း နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် မှာကြားခဲ့။

Add new comment