နှစ်သစ်ကူးရုံးပိတ်ရက်တွင် နိုင်ငံတစ်ဝန်း၌ ဘုရားဖူးခရီးသွားရောက်ကြသူများ၊ ပင်လယ်ကမ်းခြေများသို့ သွားရောက်အပန်းဖြေသူများ၊ လူကြီး၊ လူငယ်မိသားစုများ အလိုက် ဈေးဝယ်စင်တာများ၊ ပန်းခြံများ၊ အပန်းဖြေစခန်းများသို့ သွား ရောက်ကြသူများဖြင့် နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြပါသည်။
· ဇန်နဝါရီလ ၁ ရက်တွင် ရန်ကုန်မြို့ရှိ အများပြည်သူသွားလာလည်ပတ်အနားယူ အပန်းဖြေသည့် (Public Area) များဖြစ်သော ပြည်လမ်းရှိ အင်းလျားကန်ပေါင် ပန်းခြံ၊ ကမ္ဘာအေးဘုရားလမ်းရှိ မြကျွန်းသာပန်းခြံ အင်းလျားကန် ပေါင်များပေါ်တွင် ရောင်စုံမီးများဖြင့် အလှဆင်ထားရှိပြီး လမ်းလျှောက်အပန်းဖြေသူများ၊ အနားယူသူများဖြင့် စည် ကားလျက်ရှိ။
· ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည် ၈,၀၀၀ ကျော်ခန့် လာရောက်ဖူးမြော်ခဲ့ပြီး သမိုင်းဝင်အထင် ကရဘုရားကြီး ၁၉ ဆူတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဘုရားဖူးမြော်လျက်ရှိ။
· ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန် (B.E FALLS)သို့ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ အထူးများပြားလျက်ရှိပြီး ပွဲကောက် ရေတံခွန်တွင် အဆင့်မြှင့်တင် တည်ဆောက်ထားသည့် LED မှန်တံတားများ၊ ကလေးကစားကွင်းများတွင် လည်ပတ်သူများ၊ ရေတံခွန်တွင် မိသားစုလိုက် အနားယူအပန်း ဖြေသူများနှင့် အထူးစည်ကားလျက်ရှိ။
· မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ကုသိုလ်ပြုဘုရားဖူးလာရောက်သူများနှင့် မန်းချောင်းအတွင်း ရေချိုးအပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ။
· ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ နှစ်သစ်ကူးရုံးပိတ် ရက်ကာလ အပန်းဖြေ လာရောက်သူ၊ ရေကစားသူများဖြင့် ယခင်ရက်များထက် ပိုမိုစည်ကားလျက်ရှိ။
· ကော့သောင်းမြို့ရှိ သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် ဘုရင့်နောင်အငူ ဆိပ်ကမ်းသာလမ်းတစ်လျှောက်၌ ဒီဇင်ဘာလ ၃၁ ရက် ညပိုင်းတွင် ဒေသခံများက နှစ်သစ်ကူးကြိုဆိုခဲ့ပြီး မြို့သို့လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ၊ ပင်လယ်ရှုခင်း လာရောက်ကြည့်ရှုသူများဖြင့် အေးချမ်းစည်ကားလျက်ရှိ။
နှစ်သစ်ကူးရုံးပိတ်ရက်များတွင် မြို့ကြီးများရှိ ပန်းခြံများနှင့် ဈေးဝယ်စင်တာများတွင် အပန်းဖြေသူများ၊ ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိသကဲ့သို့ နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးလာရောက်သူများ များပြားခဲ့ပြီး ပင်လယ်ကမ်းခြေများတွင်လည်း လာရောက်ရေကစားသူများ၊ အနားအပန်းဖြေသူများ၊ အမှတ်တရလက်ဆောင် ပစ္စည်းဝယ်ယူသူများဖြင့် စည်ကားများပြားခဲ့ကြောင်း သိရှိရပါသည်။
- နှစ်သစ်ကူးရုံးပိတ်ရက်များတွင် နိုင်ငံတစ်ဝန်း၌ ဘုရားဖူးခရီးသွားရောက်ကြသူများ၊ ပင်လယ်ကမ်းခြေများသို့ အပန်းဖြေ ခရီးထွက်သူများနှင့် မြို့အလိုက် ပန်းခြံများ၊ အထင်ကရနေရာများတွင် အပန်းဖြေအနားယူသူများဖြင့် စည်ကားအေးချမ်း လျက်ရှိ။