စစ်ကိုင်းမြို့၊ ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ်တွင် PDF အကြမ်းဖက်သမားများအား ဖမ်းဆီးရမိ

ဩဂုတ်လ ၁၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အများပြည်သူလုံခြုံရေးအတွက် လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိစဉ် ရန်ကုန်-မုံရွာ ပြေးဆွဲလျက်ရှိသည့် “အာကာသ” ခရီးသည်တင်မော်တော်ယာဉ် (Express) ၁ စီးအား စစ်ဆေးခဲ့ရာ အဆိုပါယာဉ်ပေါ်တွင် လိုက်ပါလာသည့် PDF အကြမ်းဖက်သမား ၃ ဦးက လက်နက်ငယ်များဖြင့် ခရီးသည်အချို့ကို ပစ်ခတ်ခြင်း၊ ခရီးသည်များကို ဓားစာခံလုပ်အကာအကွယ်ယူပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် ခရီးသည်အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ ဒဏ်ရာများဖြင့် ထိတ်လန့်ရှော့ဖြစ်ကာ သေဆုံးခဲ့ပြီး  လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ခရီး သည် ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ခရီးသည်များကိုဓားစာခံလုပ် လူသားတံတိုင်းသဖွယ် အကာအကွယ်ယူပစ်ခတ်နေသည့် အကြမ်းဖက်သမားများကို စနစ်တကျချိန်ရွယ်ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် PDF အကြမ်းဖက်သမား ၂ ဦးကို အသေ ဖမ်းဆီးရမိပြီး ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ ပစ္စတို ၃ လက်၊ ကားပေါ်၌ သိုဝှက်သယ်ဆောင်လာသော ချေမှုန်းရေးရိုင်ဖယ်အမျိုးအစား (သေနတ်အသစ်) ၃ လက်နှင့်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။

PDF အကြမ်းဖက်သမားများအနေဖြင့် ယခုအချိန်တွင် ခရီးသွားလာနေသည့် ခရီးသည်တင်ကားများကို အကာအကွယ်ရယူဓားစာခံပြုလုပ်၍ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာကြောင်း၊ ယခုရက်သတ္တပါတ်အတွင်း Elite ခရီးသည်တင်ကားကို အကြမ်းဖက်တိုက်ခိုက် ဖမ်းဆီး လုပ်ဆောင်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း YBS ခရီးသည်ယာဉ်များကို တိုက်ခိုက်ခြင်းများ ပြုလုပ်လာခြင်းကြောင့် ခရီးသွားပြည်သူလူထု၊ ယာဉ်လိုင်းများအနေဖြင့် မသင်္ကာဖွယ်ရာများတွေ့ရှိရပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများအနေဖြင့်လည်း NUG၊ PDF အကြမ်းဖက်သမားများ၏ ခရီးသည်တင်ယာဉ်လိုင်းများကို တိုက်ခိုက်မှု၊ ဓားစာခံလုပ်မှု၊ လူသားတံတိုင်းသဖွယ် အသုံးချနေမှုများကိုသိရှိရန်နှင့် အကြမ်းဖက်လုပ်ရပ်များအား အားမပေးကြရန် သတင်းထုတ်ပြန်ထားကြောင်း သိရှိရ ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၈-၂၀၂၂)

  • တကောင်းရပ်ကွက်၊ ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အများပြည်သူလုံခြုံရေးအတွက် “အာကာသ” ခရီးသည်တင် မော်တော်ယာဉ်အား လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်စဉ်  ယာဉ်ပေါ်တွင် လိုက်ပါလာသည့် PDF အကြမ်းဖက်သမား ၃ ဦး၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရီးသည် ၂ ဦး သေဆုံးခဲ့ပြီး ခရီးသည် ၅ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ခရီးသည်များကိုဓားစာခံလုပ် လူသားတံတိုင်းသဖွယ် အကာအကွယ်ယူပစ်ခတ်နေသည့် အကြမ်းဖက်သမားများကို စနစ်တကျချိန်ရွယ်ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် PDF အကြမ်းဖက်သမား ၂ ဦးကို အသေဖမ်းဆီး ရမိပြီး ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ ပစ္စတို ၃ လက်၊ ကားပေါ်၌ သိုဝှက်သယ်ဆောင်လာသော ချေမှုန်းရေးရိုင်ဖယ်အမျိုးအစား (သေနတ်အသစ်) ၃ လက်နှင့်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့။

Add new comment