အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားခံ ၄ ဦးအား အမိန့်ချမှတ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ပါသည်။

  • ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမဟုတ်ဘဲ ရာထူးအရှိန်အဝါကို အသုံးပြု၍ ထိုက်သင့်သည့်တန်ဖိုးထက် များစွာလျော့နည်းပေးချေ ခဲ့သဖြင့် နိုင်ငံတော်မှ ငွေကျပ် ၁၉ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း။
  • ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန် အဆောက်အဦနေအိမ်ကို အများပြည်သူမှ ထည့်ဝင်လှူဒါန်းထားသော အလှူငွေများထဲမှ ငွေကျပ် ၁.၆ ဘီလီယံကျော်ကို မလျော်သြဇာအသုံးပြု၍ သုံးစွဲဆောက်လုပ်စေခဲ့ကြောင်း။
  • ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း (ရုံးချုပ်)ဖွင့်လှစ်ရန် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၆၀)ရှိ မြေ ၁.၈၆ ဧကနှင့် အဆောက်အဦတို့ကို လုပ်ထုံးလုပ်နည်းများကိုဖောက်ဖျက်ပြီး ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ ငှားရမ်းဆောင်ရွက်စေခဲ့ခြင်းကြောင့် နိုင်ငံတော်က ငွေကျပ် သန်း ၅,၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း။
  • နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူတို့သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ရန်အတွက် မြေနေရာချပေးခြင်းနှင့် မြေငှားစာချုပ်(ဂရန်) ထုတ်ပေးရာတွင် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျော်လွန်၍ ခွင့်ပြုပေးခဲ့ကြောင်း။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရ လည်းကောင်း မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ရုံးထိုင်စစ်ဆေးခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက် တွင် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကြီးမှုအမှတ် ၃/၂၀၂၁၊ ၄/၂၀၂၁၊ ၅/၂၀၂၁၊ ၂၅/၂၀၂၁ အမှုလေးမှုအတွက် တစ်မှုလျှင် ထောင်ဒဏ် သုံးနှစ်စီဖြင့် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ရာဇဝတ်ကြီးမှုအမှတ် ၃/၂၀၂၁၊ ၄/၂၀၂၁၊ ၅/၂၀၂၁ အမှုသုံးမှုအတွက် ထောင်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေရန်၊ ဒေါက်တာမျိုးအောင်အား ရာဇဝတ်ကြီးမှုအမှတ် ၃/၂၀၂၁၊ ၄/၂၀၂၁ အမှုနှစ်မှုအတွက် ထောင်ဒဏ်သုံးနှစ် တစ်ပေါင်းတည်းကျခံစေရန်၊ ဦးရဲမင်းဦးအား ရာဇဝတ်ကြီးမှုအမှတ် ၄/၂၀၂၁ အမှုတစ်မှုအတွက် ထောင်ဒဏ် သုံးနှစ်၊ ဦးမင်းသူ ရာဇဝတ်ကြီးမှုအမှတ် ၃/၂၀၂၁ အမှုတစ်မှုအတွက် ထောင်ဒဏ်သုံးနှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၈-၂၀၂၂)

  • မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား အမှုလေးမှုအတွက် တစ်မှုလျှင် ထောင်ဒဏ်သုံးနှစ်စီဖြင့် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး အမှုသုံးမှုအတွက် ထောင်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေရန်၊ ဒေါက်တာမျိုးအောင်အား အမှုနှစ်မှုအတွက် ထောင်ဒဏ်သုံးနှစ် တစ်ပေါင်းတည်းကျခံစေရန်၊ ဦးရဲမင်းဦး အား အမှုတစ်မှုအတွက် ထောင်ဒဏ်သုံးနှစ်၊ ဦးမင်းသူအား အမှုတစ်မှုအတွက် ထောင်ဒဏ်သုံးနှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့။

Add new comment