ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်ခြင်းမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများ၏ သတင်းပေးပူးပေါင်းဆောင် ရွက်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ မြန်အောင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် ဝေပိုင်ဖြိုး (၃၃) နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ စံပယ်အောင်အောင် (၃၄) နှစ်တို့ တရားခံ ၂ ဦးအား မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ကညင်ငူကျေးရွာရှိ ၎င်းတို့၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံဝေပိုင်ဖြိုး၏ ထွက်ဆိုချက်အရ-

  • ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် မြန်အောင်မြို့ပေါ်၌ ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သဖြင့် ဟင်္သာတအကျဉ်းထောင်၌ ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ကျခံခဲ့ရပြီး အဆိုပါ ပြစ်ဒဏ်ကျခံခဲ့ရမှုမှာ ၎င်းနှင့်တစ်ရွာတည်းနေထိုင်သည့် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ဒေါ်သန္တာစိုးမှ တိုင်ကြား ခဲ့ခြင်းကြောင့်ဟုယူဆကာ ပုဂ္ဂိုလ်ရေးအရ တစ်ဖက်သတ်ရန်ငြှိုးထားခဲ့ကြောင်း။
  • နိုင်ငံတော်အစိုးရ၏ ပြစ်ဒဏ်ဖြေလျော့ပေးမှုများဖြင့်  ထောင်မှပြန်လည်လွတ်မြောက်လာချိန်တွင် ရိုးမဧရာအမည်ခံအကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံဇင်မျိုးအောင် (ခ) ဇော်မျိုးအောင် (ခ)သားပေါက်နှင့် ဆက်သွယ်ကာ ဒေါ်သန္တာစိုးအပါအဝင် ပုဂ္ဂိုလ်ရေးအရမကျေနပ်သူ အပြစ်မဲ့ပြည်သူ ၆ ဦး၏ အမည်စာရင်းအားပေး၍ ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ရန် သတင်းပေးခိုင်းစေခဲ့ကြောင်း။
  • ၎င်း၏ဇနီးဖြစ်သူ စံပယ်အောင်အောင်သည် မြန်အောင်မြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (ဗလန်းစိန်)၌ တာဝန်ထမ်းဆောင်လျက်ရှိရာမှ CDM ပြုလုပ်ကာ မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေထိုင်ခဲ့ပြီး ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူများအား လုပ်ကြံသတ်ဖြတ်ရန် အကြမ်းဖက်သမားများထံ သတင်းပေးပို့ခဲ့ကြောင်း။
  • တရားခံဝေပိုင်ဖြိုးမှလည်း မြန်အောင်မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာများနှင့် ဆက်ဆံရေးအဆင်ပြေသော အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ရန်အတွက် ရိုးမဧရာအမည်ခံအကြမ်းဖက်အဖွဲ့မှ ဇင်မျိုးအောင်အား Wave Money မှတစ်ဆင့် ငွေကျပ် ၃ သိန်းလွှဲပြောင်းပေးအပ်ကာ လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ငန်းများ ကျူးလွန်စေခဲ့ကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် မြန်အောင်မြို့နယ်၊ ကနောင်နယ်မြေ ရဲစခန်းရှေ့၌ ဇင်မျိုးအောင်နှင့် အဇ္ဇတို့ ၂ ဦးသည် လက်လုပ်မိုင်း ၁ လုံးအား ဖောက်ခွဲခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့် ဩဂုတ်လ ၆ ရက်တွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ဒေါ်သန္တာစိုးအား ဇင်မျိုးအောင်နှင့် ငြိမ်းခန့်လင်းတို့ ၂ ဦးမှ ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်း အသိပေးသတင်းထုတ်ပြန်ထားပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၈-၂၀၂၂)

  • ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ မြန်အောင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် ဝေပိုင်ဖြိုးနှင့် ၎င်း၏ဇနီးဖြစ်သူ စံပယ်အောင်အောင်တို့ တရားခံ ၂ ဦးအား ဖမ်းဆီးရမိခဲ့။
  • အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပြီး သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိ။

Add new comment