ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၄ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲ (3rd CISM World Cadet Games) တွင် မြန်မာ့တပ်မတော်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
မြန်မာ့တပ်မတော်ကိုယ်စားပြု ဗိုလ်လောင်းများသည် အားကစားပြိုင်ပွဲတွင် အားကစားအမျိုးအစား ၇ မျိုးရှိသည့်အနက် ၃ မျိုးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရိုင်ဖယ်သေနတ် ပစ်တစ်ဦးချင်း အမြန်ပစ်ခတ်ခြင်းပြိုင်ပွဲတွင် ပထမရွှေတံဆိပ်ဆု၊ ရိုင်ဖယ်သေနတ်ပစ် အသင်းလိုက် အမြန်ပစ်ခတ်ခြင်းပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆု၊ ပစ္စတိုသေနတ်ပစ် တိကျပစ်ခတ်ခြင်း အသင်းလိုက်ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုနှင့် ပစ္စတိုသေနတ်ပစ်အသင်းလိုက် အမြန်ပစ်ခတ်ခြင်းပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆု အသီးသီးရရှိခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၀ ရှိသည့်အနက်တွင် နိုင်ငံအလိုက်အဆင့် ၈ နေရာရရှိခဲ့ ပါသည်။
တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲ (3rd CISM World Cadet Games) တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဗိုလ်လောင်းများနှင့် အုပ်ချုပ်သူနည်းပြအရာရှိများသည် ဩဂုတ်လ ၁၅ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြရာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၈-၂၀၂၂)
- ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲ (3rd CISM World Cadet Games) တွင် မြန်မာ့တပ်မတော်ကိုယ်စားပြုဗိုလ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ဆု ၁ ခု၊ ငွေတံဆိပ်ဆု ၁ ခု၊ ကြေးတံဆိပ်ဆု ၂ ခုအသီးသီးရရှိခဲ့ပြီး ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၂၀ ရှိသည့်အနက် နိုင်ငံအလိုက်အဆင့် ၈ နေရာ ရရှိခဲ့။
Add new comment