တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားများကို ဩဂုတ်လ ၁၂ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ပြုလုပ်ခဲ့ရာ ဆင်ပေါင်ဝဲမြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး လက်နက်ခဲယမ်းများကို လွှဲပြောင်းရယူကာ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ပြီးနောက် ၎င်းတို့၏အုပ်ထိန်းသူ မိဘ ဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့ပါသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေးထုတ်ပြန်ထားရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်မှ ဩဂုတ်လ ၁၂ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၁၉၇ ဦးနှင့် အမျိုးသမီး ၅၃ ဦး စုစုပေါင်း ၂၅၀ ဦးရှိပြီဖြစ်ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၈-၂၀၂၂)
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသူ ဆင်ပေါင်ဝဲမြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကာ ၎င်းတို့၏ အုပ်ထိန်းသူမိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။
- ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်မှ ဩဂုတ်လ ၁၂ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၁၉၇ ဦးနှင့် အမျိုးသမီး ၅၃ ဦး စုစုပေါင်း ၂၅၀ ဦးရှိပြီဖြစ်။
Add new comment