ချင်းပြည်နယ်ရှိ CDF အကြမ်းဖက်သမားများက ဒေသခံခရီးသွားပြည်သူများအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်

ဩဂုတ်လ ၁၂ ရက်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်နေ ဦးကောလျန်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ရှန်းနမ်ကျဲရ်နှင့် ညီဖြစ်သူ ဦးကပ်ထန်ဟရဲတို့နှင့်အတူ ဟားခါးမြို့မှ ရန်ကုန်မြို့သို့ မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ဟားခါးမြို့၏ အထွက် ၄ မိုင်ခန့်အကွာသို့အရောက်၌ CDF အကြမ်းဖက်သမားများက အဆိုပါ မော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေါ်ရှန်းနမ်ကျဲရ်မှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ပြီး ဦးကောလျန်နှင့် ဦးကပ်ထန်ဟရဲတို့ ၂ ဦးတွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ သဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူခြင်းဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးလျက်ရှိပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများ နေထိုင်ရာ မြို့၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင် သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများအား အကြောင်းမဲ့ပြုလုပ်ကာ အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်သေကြေသည်အထိ အကြမ်းဖက်မှုများအား ကျူးလွန်လျက်ရှိသည့်အပေါ် တိုင်းရင်းသား ပြည်သူများကလည်း အဆိုပါအကြမ်းဖက်သမားများ၏လုပ်ရပ်များအား ရွံရှာမုန်းတီးလျက်ရှိပါသည်။

အဆိုပါ ဖြစ်စဉ်နေရာတစ်ဝိုက်အားလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်များကျူးလွန်ခဲ့သည့် CDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ် သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။                                                                                               

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၈-၂၀၂၂)

  • ဟားခါးမြို့အနီး CDF အကြမ်းဖက်သမားများက ခရီးသွားပြည်သူများအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးပြီး  အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။

Add new comment