ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိသဖြင့် တစ်ဖက် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာစကားများဖြင့် ပြန်လည်ဖိတ်ခေါ်ခြင်း၊ ထိုင်း- မြန်မာ နယ်ခြားကော်မတီများမှ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများအနက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် အမျိုးသား ၆၃၆ ဦး၊ အမျိုးသမီး ၈၄၈ ဦး၊ စုစုပေါင်း ၁,၄၈၄ ဦး ထပ်မံဝင်ရောက်လာခဲ့ကြပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီလ ၁ ရက်အထိ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မယ်ထော်သလေးနှင့် မေတ္တာလင်းမြိုင်ကျေးရွာတို့တွင် နေထိုင်သူ အမျိုးသား ၂,၇၁၂ ဦး၊ အမျိုးသမီး ၃,၁၆၀ ဦး၊ စုစုပေါင်း ၅,၈၇၂ ဦးတို့သည် ၎င်းတို့နေရပ်သို့ အသီးသီးပြန်လည်ဝင်ရောက်လာခဲ့ပါသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျလက်ခံခဲ့ပြီး ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန် ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များနှင့် အခြားလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
- ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်အထိ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မယ်ထော်သလေး နှင့် မေတ္တာလင်းမြိုင် ကျေးရွာတို့တွင် နေထိုင်သူ အမျိုးသား ၂,၇၁၂ ဦး၊ အမျိုးသမီး ၃,၁၆၀ ဦး၊ စုစုပေါင်း ၅,၈၇၂ ဦး ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လာခဲ့။
- ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များနှင့် အခြားလိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့။