နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပင်အား ဦးဆောင်စိုက်ပျိုးပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဩဂုတ်လ ၁၂ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဘုရားသွားလမ်း စံပယ်လမ်းဝဲယာ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ပြီး အမှာစကားပြောကြားခဲ့ရာတွင်-

  • ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို ကျင်းပဆောင်ရွက်ပေးနေခြင်းသည် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပရေးတို့အတွက် ပြည်သူ လူထုက ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်ကျင်းပခြင်းပင်ဖြစ်ကြောင်း။

  • မြန်မာနိုင်ငံတစ်ဝန်း ယခုနှစ်မိုးရာသီတွင် သစ်ပင် ၃၀ ဒသမ ၅၇ သန်း စိုက်ပျိုးတည်ထောင်သွားရန် ရည်မှန်းထားသည့်အတိုင်း စိုက်ပျိုးပြီးဖြစ်သည့်အတွက် စိုက်ပျိုးပင်များ အောင်မြင်ရှင်သန်ရေးကို ဆက်လက်အားစိုက်ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း။

  • မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်သည်ဟု လေ့လာတွေ့ရှိရပါကြောင်း။

  • အပူချိန်မြင့်တက်ခြင်းနှင့် မိုးရွာသွန်းမှုပြောင်းလဲခြင်း အကျိုးဆက်အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းများ ပိုမိုတိုက်ခတ်လာနိုင်ခြင်း၊ မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းတို့ကဲ့သို့ ရာသီဥတုဖောက်ပြန်မှုများ ပိုမိုဖြစ်ပေါ်လာပြီး အနောက်တောင်မုတ်သုံလေဝင်ရောက်ချိန် ပုံမှန်ထက်နောက်ကျပြီး ဆုတ်ခွာချိန် ပုံမှန်ထက်စောလာသည့်အတွက် မုတ်သုံကာလတိုတောင်းခြင်းများကြောင့် နိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းများကိုပါ ထိခိုက်လာနိုင်ကြောင်း။

  • မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက်ဒီရေတောဧရိယာအများဆုံး ပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပြီး မြန်မာ့ကမ်းရိုးတန်းများတစ်လျှောက်ရှိ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဒီရေတောများကို အများဆုံးတွေ့ရှိရပါကြောင်း။

  • ရာသီဥတုပြောင်းလဲမှုကြောင့် ကြုံတွေ့လာရသည့် သဘာဝဘေးအန္တရာယ်များကို ပြန်ကြည့်မည်ဆိုပါက ၂၀၀၈ ခုနှစ်၊ မေလတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ကြရပြီး နိုင်ငံအနေဖြင့်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားစိုက်ဆောင်ရွက်ခဲ့ရသည်ကို အားလုံးသိရှိကြကြောင်း။

  • လေပြင်းတိုက်ခိုက်မှုမှင့် ပင်လယ်ဒီရေလှိုင်းများ မြင့်တက်မှုကို ဒီရေတောများက ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပြီး ဒေသခံများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုနည်းပါးနိုင်သဖြင့် ဒီရေတောကာကွယ်ထိန်းသိမ်းရေးနှင့် ပြန်လည်စိုက်ပျိုးထူထောင်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ကြရန်လိုကြောင်း။

  • ဒီရေတောများသည် ကမ်းရိုးတန်းဒေသနေ ပြည်သူများအတွက် အခြေခံစားဝတ်နေရေး လိုအပ်ချက်များ ပံ့ပိုးပေးနိုင်သည့်အပြင် နိုင်ငံ၏ ငါး၊ ပုစွန်၊ ကဏန်း ရေထွက်ကုန်သယံဇာတများတိုးပွားရေး၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေး၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် အလွန်အရေးပါသည့် ဂေဟစနစ်ဖြစ်သောကြောင့်  ဒီရေတောများ ထိန်းသိမ်းကာကွယ်ရေးနှင့် ပြန်လည်တည်ထောင် စိုက်ပျိုးရေးတို့ကို ဦးစားပေးမြှင့်တင်ဆောင်ရွက်သွားကြရန်လိုကြောင်း။

  • မြန်မာနိုင်ငံတွင်ရှိသည့် မြစ်ကြီး(၄)သွယ် အပါအဝင် မြစ်ချောင်းကွန်ရက်များမှ နှစ်စဉ်ရေချို ဧကပေသန်း (၈၀၀) ကျော် စီးဆင်းလျက်ရှိရာ တစ်နိုင်ငံလုံးအနေဖြင့် နှစ်စဉ်ရေချိုပမာဏ ဧကပေ (၄၅) သန်းကျော်သာ အသုံးပြုလျက်ရှိသည့်အတွက် နှစ်စဉ်စီးဆင်းနေသည့် ရေချို ပမာဏ၏ (၅) ရာခိုင်နှုန်းခန့်ကိုသာ သုံးစွဲနေသည်ကို တွေ့ရှိရကြောင်း။

  • နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေသယံဇာတဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရေအရင်းအမြစ်များကို အခြေခံသည့်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရန် အလားအလာကောင်းများစွာရှိရာ နိုင်ငံ၏မြစ်ချောင်း ကွန်ရက်များကို ရေရှည်ထိန်းသိမ်း အသုံးပြု နိုင်ရေးအတွက် ရေဝေရေလဲဒေသ သစ်တောများ ထိန်းသိမ်းရေးကို ထိရောက်စွာဆောင်ရွက်ရန်လိုကြောင်း။

  • နိုင်ငံ၏ ပထဝီဝင်အနေအထားအရ သဘာဝဂေဟစနစ်နှင့် သယံဇာတများ အမျိုးအစားစုံလင်စွာ တည်ရှိလျက်ရှိရာ မြန်မာနိုင်ငံမိုးနည်းရပ်ဝန်းတွင်ရှိသည့် အပူပိုင်းဒေသသစ်တောများ ထိန်းသိမ်းရေးကိုလည်း အာရုံစိုက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

  • နိုင်ငံတော်အနေဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဖြစ်သည့် အပူပိုင်းဒေသသစ်တောများထိန်းသိမ်းရေး၊ သစ်တောများ ပြန်လည်စိုက်ပျိုးရေး၊ ကျေးရွာများရေရရှိရေးအတွက် ရေတွင်း၊ ရေကန်များ တူးဖော်ပြုပြင်ရေးနှင့် ထင်းအစား အခြားလောင်စာနှင့် စွမ်းအား မြှင့်မီးဖိုများ သုံးစွဲရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

  • ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမျှော်သည့် ပြည်သူများ စိတ်ချမ်းမြေ့စွာဖူးမြော်နိုင်ရေးအတွက်  မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အဝင်လမ်းတွင် သစ်ပင်စိုက်ပျိုးပွဲများကို မြှင့်တင်ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း။

  • သစ်တောပြုန်းတီးခြင်းဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများကို အလေးထားဂရုပြုပြီး နိုင်ငံ၏ကြွယ်ဝသည့် သစ်တောသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် စနစ်တကျအကျိုးရှိရှိအသုံးပြုနိုင်အောင် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်း ကာကွယ်ပြုစုထူထောင်သွားကြရမည်ဖြစ်သည်ဟု တိုက်တွန်းနှိုးဆော်လိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့က ကံ့ကော်ပင်များကို သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးကြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများသည် စံပယ်လမ်းဝဲယာ၌ ပျိုးပင်များကို အသီးသီးစိုက်ပျိုးပေးခဲ့ကြပါသည်။ ယနေ့ကျင်းပပြုလုပ်သည့် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားတွင် ကံ့ကော်၊ ခရေနှင့် စိန်ပန်းသစ်မျိုး ပျိုးပင်စုစုပေါင်း ၇၇၆ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၈-၂၀၂၂)

  • ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို ကျင်းပဆောင်ရွက်ပေးနေခြင်းသည် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပရေးတို့အတွက် ပြည်သူ လူထုက ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်ကျင်းပခြင်းပင်ဖြစ်။

  • မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့် နိုင်ငံများစာရင်းတွင်ပါဝင်သည်ဟု လေ့လာတွေ့ရှိရ၊ အပူချိန်မြင့်တက်ခြင်းနှင့် မိုးရွာသွန်းမှုပြောင်းလဲခြင်း အကျိုးဆက်အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းများ ပိုမိုတိုက်ခတ်လာနိုင်ခြင်း၊ မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းတို့ကဲ့သို့ ရာသီဥတုဖောက်ပြန်မှုများ ပိုမိုဖြစ်ပေါ်လာပြီး အနောက်တောင်မုတ်သုံလေဝင်ရောက်ချိန် ပုံမှန်ထက်နောက်ကျပြီး ဆုတ်ခွာချိန် ပုံမှန်ထက်စောလာသည့်အတွက် မုတ်သုံကာတိုတောင်းခြင်းများကြောင့် နိုင်ငံ၏စိုက်ပျိုးရေး လုပ်ငန်းများကိုပါ ထိခိုက်လာနိုင်။

  • နာဂစ်မုန်တိုင်းဒဏ်၏ လေပြင်းတိုက်ခတ်မှုနှင့် ပင်လယ်ဒီရေလှိုင်းများ မြင့်တက်မှုကို ဒီရေတောများက ထိထိရောက်ရောက်ကာကွယ်ပေးသဖြင့် ဒေသခံများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုနည်းပါးခဲ့သည်ကို လက်တွေ့သိမြင်ခဲ့ရသည့်အတွက် ဒီရေတော ကာကွယ် ထိန်းသိမ်းရေးနှင့် ပြန်လည်စိုက်ပျိုးထူထောင်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ကြရန်လိုအပ်မှုကို သင်ခန်းစာရရှိခဲ့။

  • ဒီရေတောများသည် ကမ်းရိုးတန်းဒေသနေ ပြည်သူများအတွက် အခြေခံစားဝတ်နေရေး လိုအပ်ချက်များ ပံ့ပိုးပေးနိုင်သည့်အပြင် နိုင်ငံ၏ ငါး၊ ပုစွန်၊ ကဏန်း ရေထွက်ကုန်သယံဇာတများတိုးပွားရေး၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေး၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် အလွန်အရေးပါသည့် ဂေဟစနစ်ဖြစ်သောကြောင့်  ဒီရေတောများ ထိန်းသိမ်းကာကွယ်ရေးနှင့် ပြန်လည်တည်ထောင်စိုက်ပျိုးရေးတို့ကို ဦးစားပေးမြှင့်တင်ဆောင်ရွက်သွားကြရန်လို။

Add new comment