ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပပြုလုပ်

ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ဩဂုတ်လ ၉ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအလိုက် ဒေသ၏အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စည်ပင်သာယာရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနများအလိုက် ရည်မှန်းချက်နှင့် ဦးတည်ချက်များ၊ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် တိုးတက်မှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအခြေအနေများ၊ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် တည်ငြိမ်အေးချမ်းမှုများရရှိရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများကို Powerpoint ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က-

  • တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသတွင်းဝမ်းစာဖူလုံရေးသည် အရေးကြီးသောကြောင့် စပါးစိုက်ပျိုးမှုများကို ဦးစားပေးဆောင်ရွက်၍ တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း။
  • စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်ဘီလီယံ ၄၀၀ ကို သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပထမဦးစားပေးအနေဖြင့် ယခုနှစ် နွေစပါးစိုက်ပျိုးမှုနှင့် ပဲတီစိမ်းစိုက်ပျိုးမှုများအတွက် နိုင်ငံတော်အနေဖြင့် ငွေကြေးစိုက်ထုတ်ဆောင်ရွက်၍ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့်မြေဩဇာ၊ မျိုးနှင့် စက်မောင်းဆီများရရှိရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • အဆိုပါစိုက်ဧကများမှ ထွက်ရှိလာသည့် စပါးများနှင့် ပဲတီစိမ်းများကို နိုင်ငံတော်အစိုးရမှဦးစီး၍ ပြည်ပသို့တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စပါးနှင့်ပဲများ ထွက်ရှိမှုအပေါ်မူတည်၍ အကျိုးအမြတ်များထဲမှ တောင်သူများအနေဖြင့် သင့်တော်သည့် အကျိုးခံစားခွင့် ရရှိ မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၈-၂၀၂၂)

  • ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ဩဂုတ်လ ၉ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသတွင်းဝမ်းစာဖူလုံရေးသည် အရေးကြီးသောကြောင့် စပါးစိုက်ပျိုးမှုများကို ဦးစားပေးဆောင်ရွက်၍ တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ကြရန်လို။
  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်ဘီလီယံ ၄၀၀ ကို သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပထမဦးစားပေးအနေဖြင့် ယခုနှစ်နွေစပါးစိုက်ပျိုးမှုနှင့် ပဲတီစိမ်းစိုက်ပျိုးမှုများအတွက် နိုင်ငံတော်အနေဖြင့် ငွေကြေးစိုက်ထုတ်ဆောင်ရွက်၍ တောင်သူများ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့်မြေဩဇာ၊ မျိုးနှင့် စက်မောင်းဆီများရရှိရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်။

Add new comment