၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် အင်းစိန်ခုံးတံတားပေါ်၌ အင်းစိန်မြို့နယ်၊ ဈေးကုန်းရပ်ကွက်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ဈေးတွင် ဖွင့်လှစ်ထားရှိသော ကျုံစင်း အာမခံရွှေဆိုင်ပိုင်ရှင် ဦးနှင်းငွေ (၅၁)နှစ်ပိုင်ဆိုင်သည့် ရွှေထည်ပစ္စည်း စုစုပေါင်း အလေးချိန် ၄ ပိဿာ ၅၀ ကျပ်သားခန့်ထည့်ထားသော လက်ဆွဲအိတ် ၂ လုံး (ကာလ တန်ဖိုးငွေ သိန်း ၇,၂၀၀ ကျပ်ခန့်) လုယက်ခံရသည့်ဖြစ်စဉ်တွင် တရားခံ ကျား ၇ ဦး၊ မ ၃ ဦး၊ ပေါင်း ၁၀ ဦးတို့အား လုယက်ယူဆောင်သွားသောပစ္စည်းများအပါအဝင် WY စာ တန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅,၄၅၀ ပြား၊ အငှားယာဉ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာလ ၂၅ ရက်ထုတ် Information Sheet တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။
ဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသော တရားခံ များအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ဒီဇင်ဘာလ ၃၀ ရက်တွင် သထုံမြို့အဝင် စစ်ဆေးရေးဂိတ်၌ ကုလား(ခ)ဝင်းနိုင်ဦး (၄၀)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ညနေပိုင်းတွင် ဖြူးမြို့နယ်၊ စိုက်တန်းခင်ကျေးရွာ၌ ၎င်း၏ဇနီးဖြစ်သူ သင်းသင်းဝါ(၃၆)နှစ်အားလည်းကောင်း၊ မုတ္တမမြို့၊ အောင်ပင်လယ်ရပ်ကွက်၌ ၎င်း၏ ညီမဖြစ်သူ တင်တင်မိုး (၃၃)နှစ်အား ရွှေလက်စွပ် ၄၁ ကွင်း၊ ရွှေလက်ကောက် ၁၁ ကွင်း၊ ရွှေဟန်းချိန်း ၈ ခု၊ ပုလဲ/ ရွှေဟန်းချိန်း ၁ ခု၊ ကျောက်စိမ်း/ ရွှေဟန်းချိန်း ၁ ခု၊ ရွှေလော့ကတ်သီး ၇၆ ခု၊ ရွှေဆွဲကြိုး ၁၉ ကုံး၊ နားကပ် ၁ ရံ၊ ငွေစက္ကူရောရာ သိန်း ၁၇၀ ကျပ်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။
တရားခံ ကုလား(ခ)ဝင်းနိုင်ဦး၏ ထွက်ဆိုချက်အရ-
· ဒီဇင်ဘာလ ၁၉ ရက်တွင် နေဇော်၊ ဇော်လင်း၊ မှတ်ကြီး၊ ချိုဦးတို့နှင့်အတူ အင်းစိန်မြို့နယ်ဘက်မှ လှိုင်သာယာမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ ရွှေထည်ပစ္စည်းများအား လုယက်ခဲ့ကြောင်းနှင့် နေဇော်မှ ရွှေထည်ပစ္စည်းအချို့အား ခွဲဝေပေးခဲ့ကြောင်း။
· ဒီဇင်ဘာလ ၂၀ ရက်တွင် ဇနီးဖြစ်သူ သင်းသင်းဝါနှင့်အတူ မုတ္တမမြို့ရှိ ညီမဖြစ်သူ တင်တင်မိုးထံ သွားရောက်တိမ်းရှောင်ခဲ့ပြီး ခွဲဝေရရှိသော ရွှေထည်ပစ္စည်းအချို့အား မော်လမြိုင် မြို့၊ မြိုင်ရတနာ လေးထပ်စျေးအပေါ်ထပ်၌ သွားရောက်ရောင်းချခဲ့ရာ ၁၇၅ သိန်းခန့်ရရှိခဲ့ကြောင်း။
· ရရှိသော ငွေကြေး၊ ရွှေထည်ပစ္စည်းများအား ညီမဖြစ်သူ တင်တင်မိုးထံ အပ်နှံထားရှိပြီး ဇနီး၏ မိတ်ဆွေဖြစ်သူ နေထိုင်သည့် ကညွတ်ကွင်းမြို့သို့သွားရောက်တိမ်းရှောင်နေထိုင်ခဲ့ကြောင်း။
· ဒီဇင်ဘာလ ၃၀ ရက်တွင် ညီမဖြစ်သူ တင်တင်မိုးထံ အပ်နှံ ထားသည့် ရွှေထည်ပစ္စည်းနှင့် ငွေသားများအား ယူဆောင်ရန် ထွက်ခွာလာစဉ် ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
သက်ဆိုင်ရာတာဝန်ရှိသူများက အထက်ပါ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အသိပေးထုတ်ပြန်ထားရှိပါသည်။
- ဒီဇင်ဘာလ ၃၀ ရက်တွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ကုလား(ခ) ဝင်းနိုင်ဦး (၄၀)နှစ်၊ ၎င်း၏ ဇနီးဖြစ်သူနှင့် ညီမဖြစ်သူတို့အား ရွှေလက်စွပ် ၄၁ ကွင်း၊ ရွှေလက်ကောက် ၁၁ ကွင်း၊ ရွှေဟန်းချိန်း ၈ ခု၊ ပုလဲ/ ရွှေဟန်းချိန်း ၁ ခု၊ ကျောက်စိမ်း/ ရွှေဟန်းချိန်း ၁ ခု၊ ရွှေလော့ကတ်သီး ၇၆ ခု၊ ရွှေဆွဲကြိုး ၁၉ ကုံး၊ နားကပ် ၁ ရံ၊ ငွေစက္ကူရောရာ သိန်း ၁၇၀ ကျပ်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့။